တစ်ခါကတဲ့။ မျောက်ဖိုနဲ့ မျောက်မ တို့ သစ်ကိုင်းတစ်ကိုင်းပေါ်ထိုင်ပြီး နေ၀င်ဆည်းဆာကို ရှုစားကြသတဲ့။ အဲ့ဒီတုန်း မျောက်မကမေးတယ်။
“မိုးကုပ်စက်ဝိုင်းကို နေလုံးကြီးရောက်သွားတဲ့အချိန်မှာ ကောင်းကင်က ဘာလို့အရောင်တွေပြောင်းသွားရတာလည်း” တဲ့။
အဲ့ဒီတော့ မျောက်ဖိုကပြန်ဖြေတယ်။
“ငါတို့ အရာအားလုံးကို အဖြေထုတ်ဖို့ ကြိုးစားနေမယ်ဆိုရင် ဘယ်နေပျော် တော့မလည်းကွာ” တဲ့။ “အဲ့ဒီတော့ တိတ်တိတ်ဆိတ်ဆိတ် ထိုင်ပြီး ဒီလောက်သာယာလှပတဲ့ နေ၀င်ဆည်းဆာနဲ့ တို့နှလုံးသားမှာ ပီတိတွေ ဖြာရအောင်ဟာ” တဲ့။
အဲ့ဒီမှာ မျောက်မဒေါသပုန်ထသွားတယ်။
“ရှင်ဟာလေ။ တကယ့် နလပိန်းတုံးပဲ။ ရှင်ဟာ တွေးတောမျှော်မြင်မှုကို နည်းနည်းလေးမှ စိတ်မ၀င်စားပါလား။ ပျော်ပျော်နေသေခဲသမားပဲ” တဲ့။
အဲ့ဒီတုန်း ကင်းခြေများတစ်ကောင် သူတို့နားဖြတ်သွားသတဲ့။ ဒါနဲ့မျောက်ဖို လည်း လှမ်းခေါ်လိုက်တာပေါ့။
“ဟေ့ မောင်ကင်းခြေ။ လာစမ်းပါဦး။ မေးစမ်းပါရစေကွဲ့။ မင်းဟာ မင်းရဲ့ များပြားလှတဲ့ခြေထောက်တွေကို ဒီလိုလှလှပပညီညီညာညာ လှမ်းလျှောက်ဖို့ ဘယ်လိုများလုပ်သတုန်းကွဲ့။ ”
အဲ့ဒီတော့ ကင်းခြေများကပြန်ဖြေတယ်။
“ကျုပ်ဖြင့် တစ်ခါမှ တွေးမကြည့်မိပေါင်ဗျာ။”
“ကိုင်း။ ဒါဖြင့် လင်းစမ်းပါဦးမောင်ရယ်။ ကျုပ်မိန်းမက ရှင်းလင်းချက်ထုတ်မှကြိုက်တယ်ကွဲ့။ ” လို့မျောက်ဖိုက ဆိုတော့ ကင်းခြေများလည်း သူ့ခြေထောက်တွေ သူပြန်ကြည့်ပြီး ရှင်းဖို့စတယ်။
“ကောင်းပြီလေ။ ကြည့်ပထမ ကျုပ် ဒီကြွက်သားတွေကိုရွေ့တယ်ဗျာ။ အဲ..အဲ..မဟုတ်သေးပါဘူး။ ဒါကအရင်မဟုတ်သေးဘူး။ ပထမဆုံးဗျာ။ ကျနော့်ကိုယ်လုံးကို ကျနော်ဒီလိုဦးတည်ပြီး ရှေ့တိုးနောက်ငင်လွဲတယ်..။ ”
ကင်းခြေများလည်း သူဘယ်လိုခြေလှမ်းတယ်ဆိုတာ ရှင်းပြဖို့ နာရီဝက်လောက်ရှင်းပြတာပဲ။ ဒါပေတဲ့ ရှင်းပြလေလေ ပိုရှုပ်လေလေ ဖြစ်လာတယ်။ သူလည်း သူ့ခရီးသူဆက်စရာရှိတော့ကာ စိတ်ပျက်လက် ပျက်နဲ့ မျောက်လင်မယားကို အော်ပြောတယ်။
“ကြည့်.. မြင်ပလား။ ကျုပ်ရှင်းပြဖို့ ကြိုးစားနေတာနဲ့ပဲ ဘယ်လိုလှမ်း လျှောက်ရတယ်ဆိုတာတောင် မေ့ကုန်ပြီ” တဲ့။
အဲ့ဒီတော့မှ မျောက်ဖိုလည်း ၀င့်ဝင့်ကြီးပြုံးပြီး မျောက်မဘက်လှည့် ပြောလိုက်တယ်။
“ကဲ.. ရှင်မ။ အရာအားလုံးဟာ ရှင်းပြဖို့မလွယ်ဘူးဆိုတာ မင်းမြင်ပလား။” ဆိုပြီး နေ၀င်ဆည်းဆာကို ဆိတ်ဆိတ်ကြီး ခံစားနေတော့တယ်။
ပေါ်လိုကိုးဟိုရဲ့ The male monkey and the female monkey have an argument ကို ထင်သလိုရမ်းသမ်းဘာသာပြန်သည်။
thecanopuz.wordpress.com
No comments:
Post a Comment