♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 21, 2015

"မဖတ်ရသေးသော မိတ်ဆွေများအတွက် အမတ်ကြီး ဦးပေါ်ဦး၏ ဟာသများ"


ဘိုးတော်မင်းတရားကြီး၏ ငယ်ကျွန်အမတ်ကြီး ဦးပေါ်ဦးအနေနဲ့ သူတစ်ပါး ဒုက္ခရောက်လျှင် တတ်စွမ်းသလောက် စောင့်ရှောက်ကူညီတယ်။ ဘုရင်ကိုလည်း မခိုးမခန့် လျှောက်လားလျှောက်ရဲ့၊ ရယ်စရာဖြစ်အောင် လုပ်လားလုပ်ရဲ့၊ အဲဒါတောင်မှ မင်းတရားကြီးက ခွေးမသား ခေါ်လိုခေါ် အရူးလို့ ငေါက်လိုငေါက်နဲ့ အရေးပေးတော်မူတယ်။ …ဦးပေါ်ဦးရဲ့ အိမ်ကို ကြည့်အုံးမလား။

…ထွက်ဝင် ခစားသူတွေ တရုန်းရုန်း၊ လက်ဆောင်ပဏ္ဏာတွေ လာရောက်ဆက်သသူတွေကလည်းတစ်နေ့တစ်နေ့ မနည်းဘူး။

…မနာလို မရှုစိမ့်သူတို့အတွက် မျက်စိစပါးမွေးစူးစရာ မြင်ကွင်း မြင်ခွင်ပါပဲ။ ဒီအခါမှာ မနာလိုစိတ်တွေ ထကြွရတော့တာပေါ့။ …အဲဒီလို ဦးပေါ်ဦးကို မင်းမိဖုရားအစ ၀န်စုမှူးစုအလယ် ဆင်းရဲသား ကျွန်တော်မျိုးများအဆုံး ချစ်ခင်ကြတာကို မနာလိုသူတွေ ရှိနေတယ်။ မနာလိုသူတို့ရဲ့ထိပ်ခေါင်ကတော့ မင်းကြီးမဟာကျော်ထင်ဘွဲ့ရ အသည်ဝန်ကြီးပေါ့။ …ဒါကြောင့် ဦးပေါ်ဦး မင်းတရားကြီးရဲ့ ရှေ့မှောက်မှာ မရှိတဲ့အခါနဲ့ ကြုံရင် အသည်ဝန်ကြီးက ကုန်းတိုက်ချောပစ်စကား လျှောက်ထားတယ်။ “ ဦးပေါ်ဦးကို သတိထားတော်မူပါဘုရား။ နေ့ညမစဲ သူ့အိမ်မှာ လူသူ တရုန်းရုန်းနဲ့ အရှင့်ကို မကောင်းကြံနေတယ်လို့ သိုးသိုးသန့်သန့် ကြားရပါတယ်ဘုရား” …ဦးပေါ်ဦးကို မကြည်မသာဖြစ်နေတဲ့အချိန်မှာ ရွေးပြီးတင်တာဖြစ်ပေမယ့် မင်းတရားကြီး ယုံတော်မမူဘူး။ ဒါပေမဲ့ ပေါ်လ ဇနကနဲ့ အရိဋ္ဌဇနက ညီအစ်ကိုအရင်းကြီးတောင် ကုန်းချောစကားကြောင့် စစ်ဖြစ်ကြသေးတာပဲ။ အခုဟာက ကျွန်နဲ့ အရှင်ပဲဟာကို။ …အသည်ဝန်ကြီး တင်သလို တစ်ခြားအမတ် တစ်ယောက်စ နှစ်ယောက်စလည်း အခွင့်သင့်ရင် သင့်သလို တင်ကြ၊ အသည် ၀န်ကြီးကလည်း မလျော့သောဇွဲနဲ့ အချိန်အခါအလိုက် တွန်းထိုးတယ်။ အချိန်လည်းကြာ၊ ကြိမ်ဖန်များစွာလည်း ဖြစ်လာတဲ့အခါမှာ မင်းတရားကြီး သံသယ ၀င်လာပြီလေ။

“ အင်း…ဟုတ်သော်ရှိ မဟုတ်သော်ရှိ ထောက်ကြည့်အုံးမှပဲ”

…ဒါကြောင့် ညညီလာခံအစဲမှာ ဦးပေါ်ဦးနေခဲ့ဖို့ အမိန့်တော်ရှိတယ်။ ကျွန်အရှင် နှစ်ဖော်ကျန်ခဲ့တော့မှ တောထွက်ပြီး ရဟန်းဝတ်လိုကြောင်း မိန့်တော်မူတယ်။ …ထေရ၀ါဒဗုဒ္ဓ၀ါဒီတို့အတွက် နိက္ခမစောပြီး တောထွက်တဲ့ ရဟန်းအလုပ်ဟာ အကြီးအမြတ်ဆုံးပဲလေ၊ ဦးပေါ်ဦးလည်း သဘောရိုးနဲ့ ကောင်းလှကြောင်းပါ ဘုရားပေါ့။ …ဒါကိုလည်း တင်လိုက်ရော မင်းတရားကြီးအနေနဲ့ မျက်နှာကြီး ညိုမဲပြီး သုတ်ခနဲ ထသွားတော်မူတော့တယ်။ …ဒီအခါကျတော့မှ သူ့အကြောင်း မကောင်းစကား တင်လျှောက်သံတွေကို ဦးပေါ်ဦး ကြားယောင်လာတယ်။ ဒီလို ကြားယောင်တော့မှ ဟာ…ငါမှားပြီလို့ သိတယ်။ အဆိမ့်ဆုံး အရသာကိစ္စတုန်းက လပေါင်းအတော်ကြာမှ သူချည်းလား မေးတာကို ဆားနဲ့ပါဘုရား လျှောက်နိုင်ခဲ့ပေမယ့် အခုပွဲမှာတော့ ဦးပေါ်ဦး သတိလစ်သွားတယ်။ …သက်ဦးဆံပိုင်ဘုရင် အထင်လွဲသွားပြီ၊ သေဘေးဟာ အချိန်မရွေး ရောက်လာနိုင်တယ်။ ဦးပေါ်ဦး ဘယ်လိုလုပ်မလဲ။ …အိမ်ကို ပြန်ရောက်လာတော့လည်း စားဖို့ အိပ်ဖို့ သတိမရတော့ဘူး။ “ ဘယ်လိုလုပ်ရပါ့…ဘယ်လိုလုပ်ရပါ့…” နုဿတိကိုပဲ စီးဖျန်းနေမိတော့တယ်။ တစ်ညလုံး အကြံထုတ်လိုက်တာ အာရုဏ်တက်တော့မှပဲ
အကြံရတယ်။ ဒါကြောင့် အဆောင်ကိုင် တစ်ယောက်ကို ခေါ်ပြီး ခေါင်းတုံးတုံးတယ်။
အဲဒီနောက် ပိတ်ဖြူဝတ်ပြီး ဖိုးသူတော် လုပ်တယ်။
…ဖိုးသူတော် ဦးပေါ်ဦးအနေနဲ့ ပေထုပ်တစ်ထုပ်ကို ထမ်းပြီး ပုတီးတစ်ကုံး၊ တောင်ဝှေး တစ်ချောင်း၊ ကြေးစည် တစ်လုံးဆွဲလို့ နန်းတော်ကို ထွက်လာခဲ့တယ်။ …အရှေ့စမုဒ်မှာ မျက်နှာသစ်တော်ရေ ဆက်သတဲ့ အမှုတော်ထမ်းတွေ အသင့်ရှိနေကြပြီ၊ ဦးပေါ်ဦးလည်း အဲဒီနားမှာ ကြေးစည် တနောင်နောင်နဲ့ပေါ့။ …ဟော…လေးချက်တီးပြီ။ …မင်းတရားကြီး မျက်နှာသစ်ဖို့ ထွက်စံတော်မူလာတယ်။ ကြေးစည်သံ တလွင်လွင်နဲ့ ဖိုးသူတော်ကို မြင်တယ်။ ဟာ…ဦးပေါ်ဦးပါကလား။

“ ဟဲ့…ဦးပေါ်ဦး၊ ပိတ်ဖြူစည်းပြီး ကြေးစည်သံ တနောင်နောင်နဲ့ ဘာပြုလို့ အခါမဲ့ ခစားလာရသလဲ မောင်မင်း” “ အရှင့် ရွှေဘုန်းတော်ကြောင့် ဘုရာ့ကျွန်ဝန် ငပေါ်ဦးဟာ အရှင်မင်းကြီး တော်ထွက်တော်မူရာမှာ သိဒ္ဓတ္တကုမာရ အနော်မာသောင်သို့ တောအထွက်၌ ဖွားဖက်တော် ငဆန်သည် နောက်တော်မှ ထက်ကြပ်
လိုက်ပါသကဲ့သို့ ပါရမီတော်ကို ကူညီ ဖြည့်စွမ်းပြီး ၀တ်ကြီးဝတ်ငယ်
ပြုစုရန်အတွက် လာရောက် စောင့်ဆိုင်းနေတာ ဖြစ်ကြောင်းပါဘုရား…”
…ဒီအချက် တစ်ချက်တည်းနဲ့ပဲ ဘိုးတော်မင်းတရားကြီးအနေနဲ့ ဦးပေါ်ဦးကို အထင်လွဲတာ ပျက်ပြယ်သွားတယ်။

“ ကြည့်စမ်း ပေါ်ဦးဟာ အသည်ဝန်ကြီးနဲ့ အမတ်အချို့ ကုန်းချောသလို မဟုတ်ပါကလား။
ငါ့ကို ပေါ်ဦးဟာ တစ်ကယ်ချစ်တဲ့အတွက် သူပါလိုက်ပြီး တောထွက်မယ်ဆိုပြီး လုပ်လာတာပါကလား” လို့ တွေးတော်မူတဲ့အတွက် ဖြစ်ပေတော့တယ်။ ဒါကြောင့် မင်းတရားကြီးက
နှစ်ခြိုက်စွာ ပြုံးတော်မူတယ်။
“ ငါက တောထွက်ဖို့ ကြံရုံပဲ ရှိသေးတာပါဟဲ့ ပေါ်ဦးရဲ့၊ ကဲ…အခုတော့ အိမ်ကို ပြန်ပေဦး၊ ကိုယ်တော်ရှင်မြတ် တစ်ကယ် တောထွက်မှ ခေါ်တော်မူမယ်” …ဒီအခါကျမှ ပေါ်ဦးခမျာ ဟင်းချနိုင်တယ်။ ဒါပေမယ့် သျှောင်တစ်လုံး ဆုံးခဲ့ရပြီကော…။ ။


*** ရပါတယ် ရပါတယ်…

…တစ်ခုသော နံနက်မှာ အမတ်ကြီး ဦးပေါ်ဦးရဲ့ အိမ်ရှေ့ပြောင်လက်ရှင်းသန့်နေတဲ့ အိမ်ဝင်းထဲကို
လူတစ်ယောက် ၀င်လာတယ်။ သူက မင်းလုလင်တစ်ယောက်ဖြစ်တယ်။
…နန်းမြို့ မြို့ရိုးအတွင်း ရွှေနန်းတော်ကြီးနဲ့ မနီးမဝေးမှာ တည်ရှိတဲ့ ဦးပေါ်ဦးရဲ့ အိမ်အနေနဲ့ အမြဲသန့်ရှင်းနေတယ်။ အိမ်ရှေ့မှာလည်း ဦးပေါ်ဦးကိုယ်တိုင် နံနက်တိုင်း တံမြက်လှည်းထားလေတော့ အမှိုက်တစ်ပင် မရှိဘူး။ ရှင်းသန့် ပြောင်လက်နေတယ်။ …အဲဒီနေရာကို ရောက်လာတဲ့ မင်းလုလင်ဟာ ဘာမပြော ညာမပြော အခင်းကြီး သွားမယ့်ပုံနဲ့ ထိုင်ချလိုက်တဲ့အတွက်… “ ဟဲ့…ဟဲ့…..အဲဒါက ဘာလုပ်မလို့လဲဟေ…” …ဦးပေါ်ဦး ပြူးပြူးပြာပြာ ပြေးသွားပြီး မေးတယ်။ ထိုင်ချလိုက်တဲ့လူလည်း ထရပ်ရတယ်လေ။

“ မစင်စွန့်မလို့ပါ အမတ်ကြီး” “ တယ်…ကျူးကျူးကျော်ကျော် စော်စော်ကားကား…” “ မင်းတရားကြီး ကိုယ်တော်တိုင်က ပေါ်ဦးအိမ်ရှေ့ မြေတလင်းမှာ အခင်းကြီးသွားချေ၊ အမိန့်တော်ချမှတ်လိုက်လို့ပါခင်ဗျာ၊ သည်းခံတော်မူပါ” …သူတစ်ပါးကိုသာ ကသိကအောက်လုပ်ခဲ့တဲ့ ဦးပေါ်ဦး အလွန်အခံခက်သွားတယ်။ သို့သော်လည်း မင်းမိန့်ကို သူ မတားဆီးနိုင်။ “ မင်းတရားကြီးရဲ့ အမိန့်တော်က အခင်းကြီးသွားချေလို့ပါတယ်နော်၊ ဟုတ်စ…” “ မှန်ပါတယ် ခင်ဗျာ”

“ အေးအေး…မင်းမိန့်ကိုကွယ့်၊ နာခံရမှာပေါ့၊ သို့သော်လဲ ခဏနေဦးကွယ်၊ ခဏလေး…ခဏလေး…”

…အမတ်ကြီး ဦးပေါ်ဦးအနေနဲ့ အဆောင်ကိုင်တစ်ယောက် ဓားသွေးနေတာ
လှမ်းခေါ်ပြီး ဓားတောင်းလိုက်တယ်။ ချက်ချင်း မင်းလုလင်ရဲ့ ခေါင်းပေါ်မှာ မိုးထားလိုက်တယ်။
“ ကဲ…အမိန့်တော်ထဲမှာ အခင်းကြီး သွားစေပါတဲ့အတွက် အခင်းကြီးသွားပေတော့၊ သို့သော် အခင်းလေးသွားစေ မပါတဲ့ အတွက် ကျင်ငယ် မထွက်ရဘူး၊ ကျင်ငယ် တစ်စက်ထွက်ရင် ဇက်အပြတ်ပဲ…” …မင်းလုလင် ထရပ်လိုက်ရတော့တယ်။ …အခင်းကြီးသွားတဲ့အခါ ကျင်ငယ် မထွက်ဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ဘူးလေ။ ဘုရင့်အမိန့်ထဲမှာလည်း ကျင်ကြီးသာ စွန့်ခိုင်းတာ၊ ကျင်ငယ်မပါဘူး၊ ဦးပေါ်ဦးက အဲဒီဟာ အတွက်ကို အမိအရ ဖမ်းကိုင်ပြီး ဓားမိုးထားတာပါပဲ။ “ ဟဲ့ကောင်…ကျင်ကြီး စွန့်လေ…” “ ကျွန်တော် ကျင်ငယ် မထွက်အောင် မတတ်…..မတတ်နိုင်လို့…” …မင်းလုလင်သည် ထစ်ထစ်ငေါ့ငေါ့ ပြန်ဖြေင်္ပြိး အမတ်ကြီးရဲ့ အိမ်ရှေ့တလင်းပြင်က ထွက်ခွာသွားလေရဲ့။ …အဲဒီ မင်းလုလင်ဟာ အမှန်ပဲ အမိန့်တော်ကြီးနဲ့ လာသူဖြစ်တယ်။
ဒါကြောင့် အကျိုးအကြောင်း ပြန်လည်သံတော်ဦး တင်ဖို့ ဘုရင့်ရှေ့တော်ကို ၀င်ရောက်ခစားရတယ်။
“ ပေါ်ဦးအိမ်ရှေ့ မြေတလင်းမှာ အခင်းကြီး သွားခဲ့ပြီးပြီလား၊ ပေါ်ဦးဆိုတဲ့ကောင်က ဘာပြောသတုန်းဟဲ့…” “ မှန်လှပါ၊ အမိန့်တော်ထဲမှာ အခင်းကြီးပဲပါတယ်၊ အခင်းလေးစွန့်စေ မပါတဲ့အတွက် ကျင်ငယ်တစ်စက်ထွက်ရင် ဇက်အပြတ်ပဲဆိုပြီး ဓားမိုးထားတဲ့အတွက် မဆောင်ရွက်ခဲ့ရပါဘုရား…” …သံတော်ဦး တင်အဆုံးမှာ မင်းတရားကြီးအနေနဲ့ လှိုက်လှိုက်လှဲလှဲ ရယ်မောတော်မူသတဲ့…။ ။


*** ၀က်သားအမိသားအဖ…

 " …ပေါ်ဦးရယ်၊ ငါတို့ အိမ်နိမ့်စံ ဘ၀တုန်းကလို ပုံပြင်ကလေး ဘာလေးပြောပြီး
ပျော်တော်ဆက် စမ်းပါဦးဟယ် ”

…တစ်နေ့သ၌ မိဘုရားခေါင်ကြီးရဲ့ အဆောင်တော်မှ မင်းတရားကြီးစံမြန်းနေတုန်း
ဦးပေါ်ဦးကို အခေါ်လွှတ်ပြီး ရောက်လာချိန်မှာ မိဖုရားခေါင်ကြီးက အမိန့်တော်ရှိတာ
ဖြစ်ပေတယ်။

…(ရှင်ဘုရင်ရဲ့ သားတော်၊ သမီးတော်တွေအနေနဲ့ မင်းမဖြစ်မီ မိဘုရားမဖြစ်မီကာလကို
အိမ်နိမ့်စံလို့ ခေါ်တယ်)။

…အမတ်ကြီးဦးပေါ်ဦးက ရိုသေစွာ လက်ယှက်ပြီး…

“ မယ်ဖုရားခေါ်တော်မူလို့ ကျွန်တော်မျိုး အခစားဝင်ဖို့ အလာလမ်းမှာ
ဝက်ကလေးနှစ်ကောင်နဲ့ ၀က်လင်မယား နှစ်ကောင် အူလျားဖားလျား ပြေးလာကြတာ
တွေ့လိုက်ရပါတယ်ဖုရား…” လို့ စိတ်ဝင်စားဖွယ် အစချီလိုက်တယ်။

“ ကျွန်တော်မျိုး လှမ်းကြည့်လိုက်တော့ လူတစ်ယောက် ဓါးကြီးကိုင်မြှောက်ပြီး
ဝက်တွေနောက်က ပြေးလိုက်လာတာ တွေ့ရတယ် ဘုရာ့၊ ဒါနဲ့ မီလုမီခင်မှာ
နောက်ဆုံးက ၀က်ကလေးကို ဓားနဲ့ပိုင်းဖို့ အားယူနေတုန်းမှာ ကျွန်တော်မျိုးက …

“ ဟဲ့…..ဟဲ့…..မောင်မင်း၊ ဘာပြုလို့ သူတစ်ပါး အသက်ကို မညှာမတာ လုပ်ရသတုန်း…”
ဆီးမေးတဲ့အခါ အဲဒီလူက…

“ ကျွန်တော်မျိုးရဲ့ စိုက်ခင်း ပျိုးခင်းတွေကို ဒီဝက်တွေ မကြာခဏ
လာလာဖျက်ဆီးတာ များပြီဘုရား၊ ဒါကြောင့် ဒေါသဖြစ်ဖြစ်နဲ့ အခုလိုလုပ်မိတာပါ
အမတ်ကြီးရယ်လို့ ဖြေပါတယ်ဘုရား…”

“ အေးကွယ်၊ သနားပါတယ်ကွယ်၊ ဒီတစ်ခါတော့ ခွင့်လွတ်လိုက်ပါ…”

“ ကျွန်တော်မျိုး ဖျောင်းဖျ၊ နားချလို့ ခြံသမား ပြန်လှည့်အသွားမှာ
ဝက်ကလေးတစ်ကောင်က စကားပြောတယ် ဘုရား…”

…ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ၀က်က စကားပြောတယ်ဆိုတဲ့အတွက်
စိတ်ဝင်စားဖွယ်ပါပဲ။

“ ၀က်ကလေး ပြောပုံက ဒီလိုပါဘုရား၊ ကျွန်တော်တို့ သားအမိသားအဖငါးယောက်ဟာ
ဘဘကြီးသာ မကယ်ရင် သေပြီဗျာလို့ ပြောပါတယ်ဘုရား…”

…ဒီအခါ မိဘုရားကြီးက ကြားဖြတ်ပြီး ၀င်မေးပြီလေ။

“ ဟဲ့…နေပါဦး၊ နင်ပြောတာ ၀က်ကလေးနှစ်ကောင်နဲ့ ၀က်လင်မယားလို့
ဆိုတယ်မဟုတ်လား၊ လေးကောင်ပေါ့”

“ မှန်ပါ မယ်ဖုရား၊ ၀က်ကလေးကတော့ အဲဒီအတိုင်းပဲ ပြောပါတယ်ဖုရား…”

…မိဖုရားကြီးခမျာ ယောင်လည်လည်ဖြစ်သွားပြီးမှ ဓားနဲ့ ပိုင်းလိုက်တုန်းက
ထက်ပိုင်းပြတ်သွားလို့များ ငါးကောင်လို့ ပြောရော့ သလားဟဲ့လို့ မေးတော်မူတယ်။

“ ကျွန်တော်မျိုး ဟန့်တားလိုက်တဲ့အတွက် ဘယ်ဝက်ကလေးကိုမျှ ဓားချက်မထိပါဘုရား…”

“ ဟယ်…နင့်စကား နားထွေးရပါဘိ၊ ရှင်းရှင်း တင်စမ်းပါဟယ်”

…ဒါပေမယ့် ဦးပေါ်ဦးကတော့ ဝေ့လည်ချောင်ပတ် လုပ်နေဆဲပါပဲ။

“ မှန်လှပါ၊ ၀က်ကလေးကတော့ ကျွန်တော်တို့ သားအမိငါးကောင်လို့ ပြောထားတာ
အမှန်ပါဘုရား…”

“ ဒါဖြင့် နင့်မျက်စိနဲ့ကော ဘယ်လောက်မြင်သတုန်း”

“ လေးကောင်ပဲ ဖြစ်ပါတယ် ဘုရား…”

“ ဟယ်…ပေါ်ဦးရယ်၊ နင့်စကား ရှုပ်လှပါဘိ၊ ဘယ်လိုအကြောင်းကြောင့်
ဝက်လေးကောင်က ငါးကောင်ဖြစ်သွားရတာလဲ”

“ အဲဒါမှာတော့ မယ်ဖုရားကိုယ်တော်တိုင် စဉ်းစားကြည့်တော်မူပါဘုရား…”

…မိဖုရားကြီး စဉ်းစားကြည့်တော်မူရပြီလေ။ ဒါပေမယ့် ဘယ်လိုမှ စဉ်းစားလို့
မရတဲ့အတွက်…

“ နင့်ပဟေဠိကို နင်ပဲ ဖြေစမ်းပါဟယ်” ဆိုပြီး ပန်းပေးတော်မူ လိုက်ရတယ်။
ဒါကြောင့် ဦးပေါ်ဦးက လက်အုပ်ချီလိုက်တယ်။

“ မှန်ပါ၊ ကျွန်တော်မျိုးမြင်တာ လေးကောင် အမှန်ဖြစ်သလို ၀က်ကလေးက
ငါးကောင်လို့ပြောတာလည်း အမှန်ပါပဲဘုရာ့၊ ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတော့
ဝက်ကလေးဟာ ကျောင်းမနေရသေးတော့ ဘယ်မှာ ဂဏန်းသင်္ချာတတ်ပါ့မလဲ
ဘုရား၊ တစ် နှစ် သုံး လေး မှန်အောင် မရေတတ်လို့ ဒီလိုဖြစ်တာပါဘုရား…”

…မင်းတရားကြီးက နားထောင်နေရာက ရယ်တယ်။

“ ပေါ်ဦးတို့ လုပ်လိုက်မှဖြင့် ငါတောင် မျက်စိလည်သွားသဟ၊ ခွေးမသားရ”

“ မှန်လှပါ၊ မယ်ဘုရားကို ပျော်တော် ဆက်တာပါဘုရား…”

…ဦးပေါ်ဦးရဲ့ အလျှောက်အထား ဒီစကားကို ကြားရတော့မှပဲ
မိဖုရားကြီးခမျာ ပြုံးတော်မူနိုင်တော့တာကိုး…..။


*** လနှင့် ဠကြီး…

“ ဟဲ့…ပေါ်ဦး၊ တောင်ငါးလုံးပိတ်ဖုံးကာခို ရာဇဂြိုလ် ရွှေပြည်ကြီးလို့ အများသူငါ
ခေါ်ဝေါ်သမုတ်ကြတဲ့ မင်းနေပြည်ကြီးကို ကာရံပတ်ခြုံနေတဲ့ တောင်ငါးလုံးအနက်
နောက်ဆုံးတောင်ကို ဂိစ္စကုဋ်တောင်လို့ခေါ်တာဟာ တောင်ကိုက လင်းတနဲ့တူလို့လား၊
သို့မဟုတ် တောင်ထိပ်မှာ လင်းတတွေနေလို့လား မောင်မင်း ”

“ မှန်လှပါ၊ တောင်ငါးလုံးရဲ့အမည်တွေကတော့ ပဏ္ဍာ၊ ဝေဘူလ၊ ဝေဘာလ၊
ဣသီဂီလ၊ ဂိစ္စကုဋ်တို့ ဖြစ်ကြောင်းပါ ဘုရား…”

“ အနို့…ဂိစ္စကုဋ် ခေါ်ရခြင်းကကောကွယ်”

“ တောင်ရဲ့ အထွတ်မှာ လင်းတတွေ ကျက်စားပါသဖြင့် ပါဠိဝေါဟာရအားဖြင့်
ဂစ္စခေါ်ခြင်း ဖြစ်ကြောင်းပါဘုရား…”

“ အေးကွယ်၊ သို့သော်လည်း ကိုယ်တော့်စိတ်ထဲ မရှင်းတာရှိနေတယ်၊ လင်းတ
အခေါ်အဝေါ်မှာ တစ်ချို့က လကလေးနဲ့ လင်းတ ရေးကြပြီး တစ်ချို့ကလည်း
ဠကြီးနဲ့ ဠင်းတရေးကြတယ် မောင်မင်း၊ ၀ိဝါဒ မကွဲဘူး မောင်မင်း”

“ မှန်လှပါ၊ ဘုန်းတော်ကြောင့်…”

…ဦးပေါ်ဦးက လက်အုပ်ချီပြီး ပါးစပ်ပြင်ရုံရှိသေးတယ်။ ဘာတစ်လုံးမှ
မတင်ရသေးခင် နောက်အမေးက ဆင့်လာတယ်။

“ ဘောက်မဲ့ကြောင့် ရေးသားရသတုန်း မောင်မင်း၊ ခွဲထားရှိသလားဟဲ့”

…ခွဲထားဆိုတာ ကျွတ်ကျွတ်ဆူနဲ့ ကြက်သတ္တ၀ါ၊ ကြန်အင်လက္ခဏာ အကြံအစည်နဲ့
အကျန်အကြွင်းမှာ ကျွက်နဲ့ ကြွက်၊ ကြန်နဲ့ ကြံတို့ဟာ အသံထွက်တူပြီး အဓိပ္ပါယ်
မတူတာကို ခေါ်တာပဲ။ အဲဒါဟာ ခွဲထားပဲ။ အဲဒါလိုဟာမျိုး မှန်သမျှဟာ ခွဲထားပေါ့။

“ ခွဲထား မရှိကြောင်းပါဘုရား…”

…မင်းတရားကြီး မကျေလည်သေးပါ။ အမေးတော်က ထပ်ဆင့်လာပြန်ချေသေးရဲ့။

“ ခွဲထား မရှိဘဲနဲ့ ဠ ကြီးနဲ့ ရေးတဲ့အကြောင်း ကိုယ်တော်သိချင်တယ် မောင်မင်း”

…အတော်ခွကျသည့် အမေးတော်ဖြစ်တယ်။ အတူခစားနေသော အခြားအမတ်တွေလည်း
ဦးပေါ်ဦးကို လှမ်းကြည့်ကြတယ်။ အမတ်ကြီး ဘယ်လိုများ ဖြေမှာပါလိမ့်။

“ လ ကလေးနဲ့ ဠ ကြီးကို ဘယ်နေရာမှာ ဘာသုံးရမယ်ဆိုတဲ့ အဆိုအမိန့်များ၊
စာပေကျမ်းဂန်များမှာ မတွေ့ဖူးကြောင်းပါ ဘုရား။ သို့ရာတွင် ကျွန်တော်မျိုး၏
သဘောအရမူ ငှက်တကာတို့ထက် အကျည်းတန်တဲ့ ဠင်းတကို အက္ခရာတကာတို့ထက်
အရုပ်ဆိုးတဲ့ ဠ ကြီးနဲ့ ရေးမှသာ လိုက်ဖက်သင့်လျော်မည် ထင်မိကြောင်းပါဘုရား…”

…မင်းတရားကြီးမှာ ရွှေဘောတော်ကျသွားတယ်။ “ ဟုတ်ပေသားပဲ” ဆိုကာ ရယ်မောတယ်။
အမတ်တွေလည်း ခိုးခိုးခွိခွိ ဖြစ်ကုန်လေရဲ့…..။


*** ဦးပေါ်ဦးတော့ လုပ်လိုက်ပြန်ပြီ…

…ဘိုးတော်မင်းတရားမှာ ညီလာခံချိန်ကြာညောင်းလာတာနဲ့အမျှ
ပင်ပန်းငြီးငွေ့လာတယ်။ ညောင်းလည်းညောင်းလာတယ်။ ဒါပေမယ့်
အရေးတကြီး ဆွေးနွေးမေးမြန်းစရာတွေ ကုန်သလောက်ဖြစ်သွားတဲ့ အတွက်
တော်ပါသေးတယ်။

…မင်းတရားကြီးအနေနဲ့ အိမ်တော်ပါငယ်ကျွန်ကြီး ဦးပေါ်ဦးကို လှမ်းကြည့်လိုက်တော့
ဘာမှစိတ်မ၀င်စားဟန်နဲ့ ၀င်လျက်ခစားနေတာမြင်ရတယ်။ ဒါကြောင့် ရယ်စရာလေးများ
ကြားရလိုကြားရငြား လှမ်းပြီး ရွှေခွန်းတော်သလိုက်တယ်။

“ ခစားလျက်ရှိကြောင်းပါဘုရား ”

…လျင်မြန်စွာ ခါးဆန့် လက်ယှက်ပြီး တုန့်ပြန်တယ်။

“ အမိန့်ရှိတော်မူပါဘုရား ”

“ ငါတို့ နေထိုင်ရာ ဇမ္ဗူဒီပါလကျာ်တောင်ကျွန်းမှာ မဇ္စျိမဒေသလို့ရှိတယ်၊
မြတ်စွာဘုရားစဉ်ဆက် ပွင့်တော်မူရာဒေသပေါ့ ”

“ မှန်လှကြောင်းပါဘုရား ”

…ခေါင်းချင်းဆိုင်ပြီး နှစ်ယောက်တစ်ဝိုင်း၊ သုံးယောက်တစ်ဝိုင်း တီးတိုးပြောဆိုနေသံများ
တိတ်သွားတယ်၊ ဘုရင်နဲ့ အမတ်အတိုင်အဖောက်ညီညီ မေးဖြေနေတာကို နားစွင့်နေကြတယ်။

…မေးသံ ဖြေသံက ဆက်လက်ထွက်ပျံနေဆဲပဲ။

“ မြတ်စွာဘုရားပွင့်တော်မူရာ အဲဒီ မဇ္ဈိမဒေသဟာ ဇမ္ဗူဒီပါရဲ့ အလယ်ဗဟိုတည့်တည့်မို့
မဇ္ဈိမခေါ်တယ် ဆိုတာ ဟုတ်သလား မောင်မင်း ”

“ မဟုတ်ကြောင်းပါဘုရား ”

“ အင်း…ဘာကြောင့်မဟုတ်သလဲဆိုတာ တင်ဦးဟဲ့… ”

…အမတ်တွေရဲ့ မျက်လုံးတွေဟာ ဦးပေါ်ဦးထံကို စုပြုံကျရောက်နေကြပြီလေ။

“ မှန်ပါ၊ ဘုန်းတော်ကြောင့် ဇမ္ဗူဒီပါလကျာ်တောင်ကျွန်းရဲ့ အလယ်တည့်တည့်
တကယ့်ဗဟိုချက်မဟာ အခုအ၇ှင် ဘ၀၇ှင်မင်းတရားကြီး စံမြန်းတော်မူတဲ့
နန်းတော်သာလျှင်ဖြစ်ကြောင်းပါ ဘုရား ”

“ ဒီကောင်က မဟုတ်က ဟုတ်ကတွေ တင်နေပြန်ပြီ… ” လို့ သာ
ဆိုလိုက်ပေမယ့် ဒီစကားကို မင်းတရားကြီး ရွှေဘောတော် ကျနေပါတယ်။

“ အမှန်ဖြစ်ကြောင်း ဘုရာ့ကျွန်ဝန်ငပေါ်ဦး အခိုင်အမာ ဆိုနိုင်ပါတယ် ဘုရား ”

“ ယုံစရာ မ၇ှိပေဘူး မောင်မင်း ”

“ အရှင်မင်းကြီး ယုံတော်မမူရင် တိုင်းတာ ကြည့်တော်မူပါ ဘုရား… ”

…မဖြစ်နိုင်တဲ့ကိစ္စကို မင်နဲ့မောင်းနဲ့ လျှောက်တင်တဲ့အတွက် မင်းတရားကြီးနဲ့တကွ
အမတ်တွေပါ ဟက်ဟက်ပက်ပက် ရယ်မောကြတော့တာပေါ့…..။

…သူငယ်ချင်းများအားလုံး ရယ်မောပျော်ရွှင်နိုင်ကြပါစေ…

source : အေးအေးမိုး (ကမ္ဘာသစ်)
posted by နောင်နောင်

Credit : https://mbasic.facebook.com/notes/myanmar-medical-community

No comments:

Subscribe

လာလည်သူများ

free counters