♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 21, 2016

" မင်္ဂလာရှိသော... အချစ်စစ်.... "

 
ကောင်လေးနဲ့ ကောင်မလေးဟာ သိပ်ချစ်ကြတဲ့သူတွေပါ။
ကောင်လေးရဲ့ အားသာချက်ဟာ ကောင်မလေးရဲ့အားနည်းချက်တွေဖြစ်နေတတ်ပြီး
ကောင်မလေးရဲ့ အားသာချက်တွေက ကောင်လေးရဲ့ အားနည်းချက်တွေဖြစ်နေပြန်တယ်။
ကောင်လေးက ဆင်းရဲတယ် ကောင်မလေးကချမ်းသာတယ်
အသွင်မတူတဲ့ အရောင်စုံတွေခင်းထားတဲ့လမ်းမပေါ်မှာ
တူညီစွာလျှောက်လှမ်းသွားကြဖို့ သူတို့စိတ်ကူးထားကြတယ်။
ကောင်လေးရဲ့ မိဘတွေက ဆင်းရဲလွန်းလို့ကောင်လေးခမျာ ဘ၀ကိုချို့တဲ့စွာနဲ့ဖြတ်သန်းခဲ့ရတယ်။
ကောင်မလေးရဲ့ မိဘတွေကတော့ ချမ်းသာလွန်းလို့ ကောင်မလေးကဘ၀ကို ပန်းခင်းလမ်းပေါ်မှာပဲဖြတ်သန်းခဲ့တယ်။
ကောင်လေးက ကဗျာတွေရေးတယ် ကောင်မလေးက သူရေးတဲ့ကဗျာတွေကိုခံစားပေးတယ်။
ကောင်လေးက သူ့အိပ်မက်တွေအကြောင်းပြောတယ် ကောင်မလေးက အဲဒီအိပ်မက်တွေကိုနိုးထခွင့်ပေးတယ်။
ကောင်လေးက သူ့ဘ၀ဘယ်လောက်ပဲဆင်းရဲနေပါစေ ကောင်မလေးကိုတော့ အဆင့်တန်းမြင့်မြင့်နဲ့အမြင်ဆုံးနေရာမှာ
ထားချင်တဲ့သူပါ။ဒါပေမယ့် ကောင်လေးကံကြမ္မာဟာ ဆိုးဝါးလွန်းပါတယ်။
ကောင်လေးမှာ မိဘနှစ်ပါးစလုံးရှိတယ်ဆိုပေမယ့် ဖအေလုပ်တဲ့သူက အရက်သမားကြီး
အမေလုပ်တဲ့သူက နှလုံးရောဂါသည်။ညဘက်တွေဆိုရင် ကောင်လေးဟာ သူ့အိမ်အခြေအနေအကြောင်းတွေးရင်း
အိပ်ယာထဲမှာအမြဲငိုနေရတယ်။သူ့ရဲ့ မပြည့်စုံမှုတွေကြောင့် တစ်နေ့ကောင်မလေးသူ့ကိုထားခဲ့မှာကိုလဲသူစိုးရိမ်နေရတယ်။
တကယ်တော့ ကောင်လေးက စိတ်ကောင်းမနောကောင်းရှိတဲ့ ယောကျာ်းပီသတဲ့သူပါ။
ကိုယ်ကျင့်တရားကို အသက်ထက်ပိုမြတ်နိုးတဲ့သူပါ။
ဘ၀ဟာ ဆူးခင်းသောလမ်းဖြစ်နေပေမယ့် ပန်းလေးတွေပျိုးနေတဲ့ ဥယျာဉ်မှုးလေးပါ။
ကောင်မလေးက ကောင်လေးကို အရမ်းသနားမိတယ်။ကောင်လေးကိုလည်းအမြဲအားပေးစကားတွေပြောလေ့ရှိတယ်။
ကောင်လေးအတွက်ဆိုရင် သူဘာပဲပေးရပေးရ၀န်မလေးတဲ့သူပေါ့။
ဒါပေမယ့်ကောင်မလေးမိဘတွေက ကောင်လေးနဲ့လုံးဝမှသဘောမတူတာ။
ကောင်မလေးခမျာ ချစ်သူနဲ့ဝေးရမှာကိုစိုးထိတ်ပြီး မျက်ရည်တွေကြားမှာ နိုးထနေရတဲ့သူပါ။
ကောင်မလေးက အရမ်းချစ်တတ်တယ်။ကောင်လေးကိုလဲ အရမ်းဂရုစိုက်တယ်။
သူငယ်ချင်းတွေကြားမှာကောင်လေးရဲ့ အားနည်းချက်တွေပြောကြရင် သူဘယ်လိုမှမခံနိုင်ဘူး။
ကောင်မလေးက အချစ်စစ်နဲ့ချစ်ရတဲ့ ကောင်လေးအတွက် ဘာမဆိုရင်ဆိုင်သွားမယ့်သူပါ။
တစ်နေ့ ကောင်မလေးမိဘတွေက ကောင်မလေးကိုတခြားတစ်ယောက်နဲ့လက်ထပ်ပေးဖို့စီစဉ်ကြတယ်။
ကောင်မလေးကလုံးဝသဘောမတူဘူးလို့ ဘယ်လိုပဲငြင်းပေမယ့် မိဘတွေကအတင်းစီစဉ်နေကြတယ်။
ကောင်မလေးဟာ ငိုရလွန်းလို့ အသည်းတွေပေါက်ထွက်မတတ်ခံစားနေရတယ်။
ူသူ့ချစ်သူကောင်လေးကို ဒီအကြောင်းတွေသူပြောပြချင်ပေမယ့် ကောင်လေးအနားကိုဒီရက်ပိုင်းအတွင်းသူမသွားနိုင်ခဲ့ဘူး။
ကောင်လေးက ဆုံနေကျပန်းခြံထဲက ခုံလေးပေါ်မှာ ကောင်မလေးလာမယ့်အချိန်ကိုစောင့်မျှော်ရင်းနဲ့ တစ်ရက်ပြီးတစ်ရက်ကုန်လွန်းသွားခဲ့တယ်။
တစ်နေ့တော့ ကောင်မလေးကောင်လေးဆီကိုပြေးထွက်သွားခဲ့တယ်။ ကောင်လေးရဲ့ ရင်ခွင်ထဲမှာသူငိုတယ်။
ကောင်လေးရဲ့မျက်နှာကိုသူစိုက်ကြည့်ပြီး ကောင်လေးကိုအကြောင်းစုံသူဖွင့်ပြောလိုက်တယ်။
ကောင်လေး ခေါင်းငိုက်စိုက်ကျသွားခဲ့တယ်။
ကောင်လေးခမျာအရမ်းချစ်တယ်ဆိုပေမယ့် သူချစ်တဲ့ကောင်မလေးအနေဆင်းရဲ အစားဆင်းရဲပြီး ဆင်းရဲချို့တဲ့မှုကိုသူမခံစားစေချင်ပါဘူး။
ဒါပေမယ့် ကောင်မလေးက သူ့ကိုလက်ထပ်ပါလို့ပြောလာတော့ ကောင်လေးတွေဝေသွားခဲ့တယ်။
တကယ်တော့ ချစ်သူတွေဖြစ်လာပြီ တကယ်ချစ်လာကြပြီဆိုရင် နောက်ဆုံးပန်းတိုင်က အိမ်ထောင်မှုဘ၀ကိုတည်ဆောက်ဖို့ပါပဲ။
ဒါတွေကို ကောင်လေးတွေးခဲ့ပေမယ့် ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာကိုသိနေခဲ့တယ်။
ဒါပေမယ့် ကောင်မလေးအရမ်းချစ်နေတာကိုလဲ သူမလွန်ဆန်နိုင်ပါဘူး။
အချစ်ဆိုတာ ပေါင်းစည်ဖို့ဖြစ်လာတာပါ။
အချစ်ဆိုတာ ဘ၀တစ်ခုတည်ဆောက်ဖို့အတွက်ပါ။
အချစ်ဆိုတာ ချစ်သူဘ၀ကနေ အိမ်ထောင်သည်ဘ၀အထိကူပြောင်းဖို့အတွက်ရှေ့ပြေးနမိတ်ပါ။
ကောင်လေးက ကောင်မလေးကို အတူရင်ဆိုင်နိုင်မလားလို့မေးတယ်။
ကောင်မလေးက မျက်ရည်တွေကြားမှာအားတင်းရင်း ဘာပဲဖြစ်ဖြစ် ရင်ဆိုင်ရဲပါတယ်လို့ဖြေခဲ့တယ်။
အဲဒီနေ့မှာပဲ နေလုံးနီကြီးအိပ်မောကျသွားချိန်မှာ ကောင်လေးဟာ ကောင်မလေးကိုအိမ်ခေါ်လာခဲ့တယ်။
အိမ်ရောက်တော့ မိဘတွေကိုအကြောင်းစုံပြောပြတယ်။
ကောင်မလေးခမျာအတူနေရတော့မယ့်ဘ၀ကိုတွေးပျော်ပြီး ဘာကိုမှမသိချင်တော့တာပါ။
ဒီလိုနဲ့ ရက်ပေါင်းများစွာကြာသည့်တိုင် ကောင်မလေးဟာ ကောင်လေးအနားမှာအတူနေရင်း ကောင်လေးရေးတဲ့ကဗျာတွေဖတ်ရင်း
ကောင်လေးပြောတဲ့ ပုံပြင်တွေနားထောင်ရင်းနဲ့ ကောင်လေးရဲ့ ရင်ခွင်ထဲမှာပဲ သူအိပ်စက်နားခိုခဲ့တယ်။
ချို့တဲ့တဲ့ကောင်လေးမိဘတွေအပေါ်မှာ ကောင်မလေးဟာ မိဘအရင်းအချာတွေလိုသဘောထားပြီး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲခံခဲ့တယ်။
အရင်မိဘအရင်းတွေနဲ့နေတုန်းက စံစားခဲ့ရသလောက် အခုကောင်လေးအိမ်မှာတော့ ကောင်မလေးဟာ ဘ၀ကိုဆင်းဆင်းရဲရဲနဲ့ တွန်းလှန်နေရပါတယ်။
ဒါပေမယ့် ကောင်မလေးက ဘ၀ကိုအချစ်နဲ့တည်ဆောက်ခဲ့တာပါ။ အချစ်ရှိနေတဲ့ ကောင်မလေးက ဘာကိုမှမကြောက်ရွံ့ခဲ့ပါဘူး။
ကောင်လေးလက်ကိုစွဲကိုင်ရင်းနဲ့ အရာရာကိုရင်ဆိုင်သွားမယ့်ကောင်မလေးပါ။
တစ်နေ့မှာ ကောင်မလေးမိဘတွေရောက်လာပြီး အိမ်ပြန်ဖို့အတင်းလာခေါ်တယ်။
ဖြစ်ချင်တော့ အဲဒီအချိန်မှာ ကောင်လေးကအလုပ်သွားနေတဲ့အတွက် အိမ်မှာမရှိဘူး။
ကောင်မလေးက မလိုက်နိုင်ကြောင်း ကောင်လေးနဲ့ရုံးတက်လက်မှတ်ထိုးခဲ့ကြောင်း အကြိမ်ကြိမ်တောင်းပန်ပေမယ့်
ကောင်မလေးမိဘတွေက လုံးဝလက်မခံဘူး။ ဒါပေမယ့် နောက်ဆုံးတော့ အချစ်ကြီးတဲ့ ကောင်မလေးဟာ 
သူဖြစ်ချင်တဲ့အတိုင်းဖြစ်လာခဲ့ပါတယ်။ဘယ်လိုမှပြောမရတဲ့ ကောင်မလေးကို သူ့မိဘတွေက ဘာမှမပြောတော့ပဲထားသွားခဲ့ပါတယ်။
အိမ်ကိုလဲ အတူတူလာနေကြဖို့ပြောသွားခဲ့တယ်။ကောင်မလေးလဲ မိဘတွေကို အတူတူလာခဲ့မယ်လို့ပြောပြီး အိမ်ပေါက်ဝအထိလိုက်ပို့ခဲ့ပါသေးတယ်။
ညနေကောင်လေး အိမ်ကိုပြန်ရောက်တော့ အကြောင်းစုံသိသွားတဲ့အခါ ကောင်မလေးကိုအတင်းဖက်ပြီးကျေးဇူးတင်ကြောင်းအထပ်ထပ်ပြောတော့တာပေါ့။
ကောင်းလေးနဲ့ ကောင်မလေးဟာ အသွင်မတူပေမယ့် တူညီတဲ့ချစ်ခြင်းတွေပိုင်ဆိုင်ထားတဲ့သူတွေပါ။
တစ်ယောက်ကို တစ်ယောက်ဖေးမကူညီရင်း တစ်ယောက်နဲ့တစ်ယောက် သဘောထားကြီးစွာနဲ့ချစ်သွားကြမယ့်သူတွေပါ။
သူတို့ရဲ့ မင်္ဂလာပွဲကိုမိဘမဲ့ဂေဟာတစ်ခုမှာပဲ အကျဉ်းချုံးကျင်းပခဲ့ကြတယ်။
ဒါပေမယ့် သူတို့ပျော်ပါတယ် ဟော်တယ်ကြီးတွေ ခန်းမကြီးတွေမှာ ငွေကုန်ကြေးကျများစွာခံပြီးလုပ်တာထက်စာရင်
ဒီလိုနေရာလေးမှာ လုပ်ဖြစ်သွားတာကိုက တကယ့်မင်္ဂလာတစ်ပါးပါ။
ဧည့်ခံပွဲအပြီးမှာ ကောင်လေးက ကောင်မလေးကိုစကားတစ်ခွန်းပြောတယ်
"မေ....ကိုယ်တို့တစ်သက်လုံးအတူနေသွားကြမယ်နော်....မောင်....မေ့ကိုအရမ်းချစ်တယ်.."။
ကောင်မလေးခမျာဝမ်းသာလွန်းလို့ မျက်ရည်တွေတောင်ကျလာခဲ့ရတယ်။
ကောင်မလေးကလဲ ကောင်လေးကို စကားတစ်ခွန်းပြန်ပြောမယ်
"မောင့်ကိုချစ်လွန်းလို့ ...မောင့်အနားမှာနေချင်လွန်းလို့ပါ...မောင်ရယ်"....
ူသူတို့နှစ်ဦးရဲ့ အချစ်ဟာ စိတ်ကူးနဲ့စခဲ့ကြတယ်
ဒါပေမယ့်သူတို့က စိတ်ကူးကို အကောင်အထည်ဖော်ကြတယ်
ကြုံလာသမျှအခက်အခဲတွေကိုလဲအတူတူရင်ဆိုင်ခဲ့ကြတယ်
ဖြစ်သမျှကိုလဲ အကောင်းဆုံးနည်းနဲ့ပဲဖြေရှင်းကြတယ်
ဘာပဲဖြစ်ပါစေ ချစ်တယ်....ဆိုတဲ့စကားတစ်ခွန်းက သူတို့တစ်ယောက်ချင်းစီအတွက် အားဆေးတစ်ခွက်ပါပဲ...။
ဘ၀နဲ့အချစ်က ဆင်းရဲချမ်းသာမတူညီလို့မပေါင်းစပ်နိုင်ပါဘူးဆိုတာကို ဘယ်နည်းနဲ့မှလက်ခံနိုင်စရာအကြောင်းမရှိပါဘူး။
တကယ်တော့.....သူတို့ရဲ့ အချစ်က မင်္ဂလာရှိတဲ့ အချစ်စစ်ပဲပေါ့...

တချို့ကံတရားတွေက ပေါင်းစပ်ရဖို့ စီရင်ပြီးသားပါ။
တချို့ကံတရားတွေကျတော့ မပေါင်းစပ်နိုင်ဘူးဆိုပေမယ့်
 ပေါင်းစပ်နိုင်အောင်ကြိုးစားတဲ့သူတွေကိုဆုလာဘ်တွေပြန်ပေးတတ်ပါတယ်။
ကံတရားမှာ တကယ်မဖြစ်နိုင်ဘူးလို့ ဘယ်သူမှကြိုမသိပါဘူး။
ဒါကိုပဲ တချို့ကမပေါင်းစပ်နိုင်ပါဘူးဆိုတဲ့ စကားတစ်ခွန်းနဲ့ ပဲ လမ်းခွဲခဲ့ကြတယ်။
အဲဒီလူတွေက ကံကိုပဲယိုးမယ်ဖွဲ့ပြီး ပေါင်းစပ်နိုင်အောင် မကြိုးစားချင်ကြလို့ပါ။
လူတစ်ယောက်ကိုချစ်တာ ရယူပိုင်ဆိုင်မှုကအဓိကမဟုတ်ပါဘူး။
ဒါပေမယ့် လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့ ကောင်းကောင်းတန်ဖိုးထားချစ်တတ်ရမယ်။
သူ့အတွက်ဆို အမြဲရဲရင့်တဲ့သူဖြစ်တဲ့ထိတိုင်အောင် ချစ်တတ်ရမယ်။

သင်ရော သင့်ချစ်သူနဲ့အတူ  တစ်ဘ၀လုံးလက်တွဲသွားဖို့ ရင်ဆိုင်ရဲတဲ့သတ္တိတွေရှိနေပြီလား...?
 

No comments:

Subscribe

လာလည်သူများ

free counters