ကမ္ဘောဒီးယားကို ပြင်သစ်တို့ ကိုလိုနီအဖြစ် အုပ်စိုးစဉ်က အဆိုပါ နတ်ဘုရားရုပ်တု၏ဦးခေါင်းကို ယူဆောင်သွားပြီး ပါရီရှိ ဂီမတ်ပြတိုက်တွင် နှစ်ပေါင်းများစွာ ပြသထားသည်။ ဂီမတ်သည် အာရှအနုပညာလက်ရာများကို ပြသသည့်
ပြင်သစ်အမျိုးသားပြတိုက်လည်း ဖြစ်သည်။
ဗိဿနိုးနှင့် ရှီဝနတ်ဘုရားများ ပေါင်းစည်းထားဟန် ထုလုပ်ထားသည့် ရုပ်တုသည် ရာစုနှစ်တစ်ခုကျော် ဦးခေါင်းမဲ့အခြေအနေဖြင့် ဖြတ်သန်းခဲ့ရသော်လည်း ယခုအခါတွင်မူ ပြင်သစ်အာဏာပိုင်များက ၄၇ ကီလိုဂရမ်အလေးချိန်ရှိသည့် ရုပ်တုဦးခေါင်းကို ပြန်လည် ပေးအပ်သဖြင့် တစ်ပေါင်းတစ်စည်းတည်း ပြန်ဖြစ်လာခဲ့သည်။
ထိုရုပ်တု ဦးခေါင်းကို ကမ္ဘောဒီးယားတောင်ပိုင်း တာကီရိုဒေသရှိ ဖနွမ်ဒါဘုရားကျောင်းမှ ယူဆောင်သွားခြင်း ဖြစ်သည်။ ကိုလိုနီအုပ်ချုပ်ရေးမှူး အက်တနီ အေမွန်နီယာ ယူဆောင်သွားသည့် ရုပ်တုဦးခေါင်းကို ၁၈၈၉ ခုနှစ်က ပါရီရှိ ပြပွဲတစ်ခုတွင် စတင်ခင်းကျင်း ပြသခဲ့သည်။
ဦးခေါင်းမရှိတော့သည့် ရုပ်တုသည် ကမ္ဘောဒီးယားမြို့တော် ဖနွမ်ပင်တွင် နှစ်ပေါင်းများစွာရှိနေခဲ့ပြီး ပြင်သစ်ရှိ ရုပ်တုဦးခေါင်းနှင့် ကိုက်ညီမှုရှိမရှိ သတိမထားမိခဲ့ကြချေ။ ယခုအခါ ယင်းအပိုင်းအစနှစ်ခုကို ပြန်ဆက်ကြည့်သည့်နောက် ပကတိအံဝင်ခွင်ကျ
ဖြစ်နေကြောင်း ကမ္ဘောဒီးယား နေ့စဉ်သတင်းစာက ဖော်ပြခဲ့သည်။
ကမ္ဘောဒီးယားအမျိုးသားပြတိုက် ညွှန်ကြားရေးမှူး ကွန်ဗီရီယက်ခ်က အဆိုပါရုပ်တုဦးခေါင်း ပြန်လည်ရရှိရေးအတွက် ၁၀ နှစ်မျှ ညှိနှိုင်းဆွေးနွေးခဲ့ရကြောင်း ပြောကြားခဲ့သည်။ “ခမာယဉ်ကျေးမှု လက်ရာမွန်တစ်ခုကို အခုလို ပြန်လည်ပေါင်းစည်းပေးနိုင်ခဲ့တာဟာ အရမ်းကိုထူးကဲပါတယ်”ဟု ၎င်းက ဆိုသည်။
ကမ္ဘောဒီးယားသည် ၁၉၉၃ ခုနှစ်တွင် ယဉ်ကျေးမှုအမွေအနှစ်လက်ရာများကို ပြည်ပသို့ တင်ပို့ခြင်း လုံးဝမပြုရန်
ဥပဒေတစ်ရပ်ကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီး အစိုးရကလည်း နိုင်ငံရပ်ခြားတွင် ရောက်ရှိနေသည့် ရှေးဟောင်းလက်ရာများ
ပြန်လည်ယူဆောင်နိုင်ရေးအတွက် အလေးအနက် ပံ့ပိုးကူညီလျက်ရှိသည်။


7day daily
Credit : http://www.searchmyanmar.com/#content-56395
No comments:
Post a Comment