အုံ့မှိုင်းနေတဲ့ မိုးတိမ်တွေက
ဒီအလွမ်း ပျိုးပင်တွေကို
ထာဝရ ရှင်သန်စေဖို့
အားပေးလို့ နေသလားကွယ်...။
သွန်းဖြိုးနေတဲ့ မိုးပွင့်တွေက
ခံစားချက်ကို အသက်သွင်းနေသလို
တစ်ခါကအဖြစ် လွမ်းရစ်စေဖို့
လက်ကမ်းလို့ ကြိုနေသလားကွယ်...။
ဟိုစဉ်ခါက ဒီ... မိုးသည်းသည်းမှာ
နှစ်ယောက်သား လျှောက်လည်ခဲ့ကြတယ်။
တဖွဲဖွဲနဲ့ မစဲလေတဲ့
မိုးပုလဲပန်းတို့ ဆင်းသက်ပုံကို
လှပတဲ့ အက္ခရာတွေနဲ့
ကဗျာတစ်ပုဒ် သီကာကုံးလို့
လက်ဆောင်အဖြစ် မောင် ကပေးခဲ့ဖူးပါတယ်။
မိုးစက်တွေကြား မောင့် မျက်နှာလေး
ဝိုးတ၀ါးပဲ မြင်နေနေ....
မိုးစက်တွေကြား မောင့် အပြုံးများ
ဝိုးတ၀ါးပဲ ထင်နေနေ....
မမေ့နိုင်ခဲ့တာ သစ္စာစကားပါ မောင် ...။
သတိရခြင်းတွေက
တိတ်ဆိတ်နေပေမယ့်
မိုးဖွဲတွေကြား အလွမ်းမျက်ရည်များ
နှလုံးသားမှ ယိုဖိတ်လာတာ
တားဆီးလို့လည်း မရခဲ့ပါလားကွယ်...။
မှတ်ချက်။ ။ ပြတင်းတံခါးရဲ့ အပြင်ဘက်ဆီက မိုးဖွဲဖွဲကြား ခဏအကြည့်မှာ မြင်လိုက်ရတဲ့ မှုံဝါးဝါးခံစားချက်လေးပါ။
No comments:
Post a Comment