♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 20, 2015

""ကားမောင်းသူတိုင်း သိထားသင့်တဲ့ တာယာ အကြောင်း (၂) " (ဗဟုသုတ အတွက် ရှဲလိုက်ပါတယ်)

 
“တာယာအကြောင်း သိကောင်းစရာ”
က။ ။ နိဒါန်း
၁။ ရန်ကုန် မန္တလေး အမြန်လမ်းမကြီး ဖွင့်လှစ်ပြီးနောက် လွန်ခဲ့သော နှစ်ပိုင်းလပိုင်း များတွင် တာယာ နှင့်စပ်လျင်း၍ ဖြစ်ပေါ်ခဲ့သော ယာဉ်မတော်တဆ ဖြစ်စဉ်များ နှင့်အတူ တာယာ၏အရေးပါမှု အား မော်တော်ယာဉ် မောင်းနှင်သူများအကြား အလေးထား ရမည့် အကြောင်းဖြစ်ပေါ်လာခဲ့ပါသည်။ သို့ဖြစ်ပါ၍ တာယာအကြောင်း သိကောင်းစရာများကို အောက်ပါအတိုင်း ကဏ္ဍသုံးခုခွဲ ၍ အကျဉ်းချူံး တင်ပြ သွားပါမည်။
၂။ တာယာဖွဲ့စည်းပုံ၊ နည်းပညာ တိုးတက်လာမှု နှင့်၎င်းတို့၏လုပ်ငန်း ဆောင်တာများ။
၃။ ယာဉ်နှင့်ကိုက်ညီ မည့်တာယာရွေးချယ်မှု။
၎။ သုံးစွဲစဉ် ပြုပြင်ထိန်းသိမ်းခြင်း နှင့် သိုလှောင်ရေး။


ခ။ ။ တာယာဖွဲ့စည်းပုံ၊ နည်းပညာ တိုးတက်လာမှု နှင့် ၎င်းတို့၏လုပ်ငန်း ဆောင်တာများ။
၅။ တာယာအိမ်(Casing) သည် တာယာ၏ အတွင်းပိုင်းအကျဆုံး နှင့် တာယာတစ်လုံး၏ အခြေခံအကျဆုံး အစိတ်အပိုင်း ဖြစ်သည်၊ ၎င်းအား တာယာအိမ် ရာဘာကွန်ပေါင်း အတွင်းတွင် ချည်မျှင်များ (Polyester/Nylon/Rayon) ဖြင့်ဖွဲ့စည်းရက်လုပ် ထားသည်။ တာယာအိမ် ရာဘာကွန်ပေါင်း အတွင်းတွင် ချည်မျှင်များဖြင့် ရက်လုပ်ထားသော ချည်သွင်းရာဘာပြားCord များအားထားသိုပုံပေါ်တွင် မူတည်၍ Diagonal/Bias Tire နှင့် Radial Tire ဟူ၍ ကွဲပြားသည်၊ ယနေ့ခတ်တွင် လယ်ယာစိုက်ပျိုးရေးသုံးယာဉ်များ နှင့် အနှေးသွားယာဉ်သုံး တာယာများကိုသာ Bias နည်းပညာ နှင့်ထုတ်လုပ် ပြီး ကျန်အမျိုးအစား ယာဉ်များအတွက်မူ Radial နည်းပညာသုံး တာယာများကိုထုတ်လုပ်သည်။ Polyester သည် ရာဘာနှင့် စေးကပ်အားကောင်းသည်၊ တာရှည်ခံသည်၊ ပေါ့ပါးသည်၊ အပူကိုစွန့်ထုတ် လွယ်သည်။ ထိုကြောင့် အရည်အသွေးမြင့်တာယာ များတွင် Polyester ကိုရာခိုင်နှုန်းပို၍ ထည့်သွင်းထုတ်လုပ်သည်။ ၎င်းတာယာအိမ်ပေါ်တွင် အခြားတာယာအစိတ်အပိုင်းများကိုတည်ဆောက်ရပါသည်။

၆။ ခါးပတ်စနစ်(Belt System) သည်တာယာ၏ ထိပ် ပန်းသားရာဘာနှင့်တာယာအိမ် အကြားတွင် တည်ရှိသည်။ ၎င်းခါးပတ်စနစ်သည် ချည်မျှင်များ (Polyester/Nylon/Rayon) ဖြင့်၎င်း သို့တည်းမဟုတ် Steelကြိုးမျှင်များဖြင့် ဖွဲ့စည်းရက်လုပ် ထားသော ပိတ်စနှင့် အလားသဏ္ဍန်တူသည့် အလွှာ(Carcass) များကို ရာဘာကွန်ပေါင်းဖြင့်ဖွဲ့စည်း၍ တာယာ၏ ပန်းသားရာဘာနှင့်တာယာအိမ် အကြားတွင် တစ်သားတည်းဖြစ်အောင် စွဲကပ်ထားသည်။ ခါးပတ်စနစ် အား ချည်မျှင်များ (Polyester/Nylon/Rayon) ဖြင့် တည်ဆောက်ထားပါက နိုင်လွန်တာယာ ဟုခေါ်ပြီး Steel ကြိုးမျှင်များဖြင့် ရက်လုပ် ထားပါက Steel တာယာဟု ခေါ်ကြသည်။ သံမဏိ ခါးပတ်စနစ်သည် နိုင်လွန် ခါးပတ်စနစ် ထက်အလေးချိန်ပိုမိုပေါ့ပါး၍ ပိုမိုတောင့်တင်းခိုင်မာစေပါသည်။ ခါးပတ်စနစ်၏ အဓိကလုပ်ဆောင်ချက်မှာ မြေမျက်နှာပြင်နှင့်ထိတွေ့သောတာယာပန်းသား တည်ငြိမ်စေရန်နှင့် လမ်းမျက်နှာပြင် အနိမ့်အမြင့် နှင့် ချိုင့်ခွက် များကြောင့် တာယာပေါက်ပြဲခြင်းမှကာကွယ်ရန် ဖြစ်သည်။

၇။ ဘေးနံရံ / ဗိုက်သား(Sidewall) သည် တာယာအိမ်အားအခြေပြု၍ ပျော့ပျောင်း ခိုင်ခန့်သော ရာဘာကွန်ပေါင်းဖြင့်ပြုလုပ်ထားသည်၊ ၀န်လေးတင်ယာဉ်သုံးတာယာများအား ကြိုးမျှင်များဖြင့်ရက်လုပ် ထားသော ထပ်ပိုးလွာများထည့်သွင်း တည်ဆောက်သည်။ မြန်နှုန်းမြင့်မောင်နှင်သောယာဉ်များအတွက်မှု လုံခြုံစိတ်ချ ဟန်ချက်မပျက်ရန် Steelကြိုးမျှင်ထပ်ပိုးလွှာများဖြင့်ဖွဲ့စည်း တည်ဆောက်သည်၊ ၎င်းတို့ကို All Steel တာယာဟုခေါ်သည်၊ ဘေးနံရံ၏ အဓိကလုပ်ဆောင်ချက်မှာ ယာဉ်တစ်ခုလုံး၏ ၀န်ကိုထမ်းပိုးခြင်းအပြင် အကွေ့အကောက်များ၌ ဟန်ချက်မပျက်ရန် ထိန်းသိမ်းပေးသည်။

၈။ တာယာပန်းများ(Thread Pattern) သည် ခါးပတ်စနစ်ပေါ်တွင် တည်ဆောက်၍ ကွန်ပေါင်းနှစ်မျိုး အား အသုံးပြုသည်၊ ပန်းအခြေ ကွန်ပေါင်းသည် တာယာပန်း နှင့် ခါးပတ်စနစ် အား တစ်သားတည်း ပူးကပ်ပေးသည်၊ ပန်းသားထပ်ပိုင်း(Thread cap) ကိုမူ ပွတ်တိုက်စားမှုဒဏ်ခံနိင်သော၊ ကုတ်အားကောင်းသော ရာဘာ ကွန်ပေါင်း အမျိုးအစားအားအသုံးပြုသည်၊ ယာဉ်ငယ်သုံး တာယာများတွင် ပွတ်စားခံနိင်မှုညွှန်ကိန်း Tread Ware Indicator ပါသည်၊ TreadWare 100 သည်အကြမ်းဖျင်းအားဖြင့် 30000ကီလိုမီတာ ကိုရည်ညွှန်း သည်။ တာယာပန်းများ၏ လုပ်ငန်းဆောင်တာမှာ ယက်အားကောင်းရေး၊ လျှင်မြန်စွာရပ်တန့် နိင်ရေး နှင့် ဟန်ချက်မပျက် လမ်းမချော်ရန် ထိန်းသိမ်းပေးခြင်း တို့ဖြစ်သည်။

၉။ နှုတ်ခမ်းသား(Bead) ၏အတွင်းပိုင်း၌ သံမဏိလွန်းတင်ကြိုး များအားထားရှိ ဖွဲ့စည်းထား၍ တာယာအိမ် မှချည်မျှင်အလွှာများ နှင့်အတူ မာကြော၍ ကုတ်အားကောင်းသော ရာဘာကွန်ပေါင်း ဖြင့် တာယာနှုတ်ခမ်းသား အားတည်ဆောက်ထားသည်။ တာယာနှုတ်ခမ်းသား သည် တာယာနှင့် ယာဉ်ဘီးဂွေအား မြဲမြံစွာ စပ်ဆက်ပေးသည့် အပြင် အကြိမ်ကြိမ်အခါခါ ဖြုတ်တပ်ခြင်းဒဏ်အား ခံဆောင်ပေးသည်။ Tubeless တာယာများတွင်မူ လေလုံစေရန် ယာဉ်ဘီးဂွေနှင့် တစ်သားတည်း ဆက်စပ်ပေးသည်။

ဂ။ ။ ယာဉ်နှင့်ကိုက်ညီ မည့်တာယာရွေးချယ်မှု။
၁၀။ တာယာအရွယ် သင့်လျှော်ကိုက်ညီမှုရှိမှသာလျှင် မူလမော်တော်ယာဉ်ထုတ်လုပ်သူမှ ရည်ညွှန်းထား သောစံနှုန်းပြည့် အတိုင်းစိတ်ချ သုံးစွဲနှိင်မည်ဖြစ်ပါသည်၊ အများအားဖြင့် တံခါးဘောင၊် တံခါးရွက်၊ ဘီးနေရာ နှင့် Owner Manual များတွင်တပ်ဆင်ရမည့် တာယာအရွယ် အားဖေါ်ပြထားသည်။ တာယာ၏ အမြင့်ကိုသိရှိ နိင်ရန်မှာ တာယာ၏ Aspect Ratio ကိုသိရှိထား ရန်လိုအပ်သည်။ Aspect Ratio = High ÷ Width ဖြစ်သည်၊ ဥပမာအားဖြင့် 185/70R14 ဟုဖော်ပြထားသောတာယာ ၏အရွယ်အစားမှာ 185mm သည် ဗျက်Width၊ 70 သည် Aspect Ratio 0.7 ဖြစ်ပြီး၊ R သည် Radialအမျိုးအစား၊ 14Inches သည် ဂွေ(Rim) ၏အချင်း ဖြစ်သည်။ အမြင့်ကိုသိနိင်ရန်မှာ 0.7 x 185 = 129.5mm၊ လက်မ ဖွဲ့ပါက 129.5÷25.4 = 5.1 လက်မ ဖြစ်သည်။ ထို့ကြောင့် 185/70R14 တာယာတစ်လုံး လုံး၏အမြင့်မှာ (2x5.1”) + 14” =24.2” ဖြစ်ကြောင်း အနီးစပ်ဆုံး တွက်ယူနိင်ပါသည်။

၁၁။ ၀န်အလေးချိန် နှင့်စပ်လျှင်း၍ မိမိတင်ဆောင်မည့် ၀န်အားထမ်းနိင်မည့် ထပ်ပိုးလွှာ(Ply) ပါဝင်သော တာယာ အားရွေးချယ်ရမည်။ ယ္ခုခေတ်ထုတ် အရည်အသွေးမြင့်တာယာများတွင် တပြေးညီသတ်မှတ် ထားသော ၀န်ထမ်းအညွန်းကိန်းများပါရှိပါသည်(ပူးတွဲပါ၁)။ ဘတ်(စ်)ကားနှင့် ကုန်တင်ကားသုံး တာယာများတွင် ၀န်ခံနိင်ခြေအညွှန်း အား တိတိကျကျ Kilogram ဖြင့် တာယာပေါ်၌ အသားတံဆိပ်ဖြင့် ဖေါ်ပြထားသည်။ သို့ရာတွင် ခိုင်မာမှု မရှိသည့်ကုမ္ပဏီများ မှ တံဆိပ် အမျိုးမျိုးဖြင့် ထုတ်လုပ်သော တာယာများမှာမူ Plyအရေအတွက်၊ အရည်အသွေးတို့ နှင့် ဖေါ်ပြမှုမှာ ကိုက်ညီမှုမရှိကြောင်း သတိ ချပ်သင့်သည်။

၁၂။ ရာသီဥတု နှင့် အသုံးပြုမည့် လမ်းအခြေအနေ သည်လည်း တာယာရွေးချယ်ရာ၌ ထည့်သွင်း စဉ်းစားရန် လိုအပ်သော အရေးကြီးသည့် အချက်ဖြစ်သည်။ စိုစွတ်သောရာသီဥတု၌ မျက်နှာပြင်မာကြောချောမွေ့ သောလမ်းများတွင် သုံးရန် ကုတ်အားကောင်းသော ဆောင်းတွင်းသုံး ပန်းကွက် (Snow Pattern) တာယာအား ရွေး သင့်သည်။ သာမန် ခြောက်သွေ့သောကာလ မျက်နှာပြင်မာကျောချောမွေ့ သောလမ်းများတွင် အသုံးပြုမည်ဆိုပါက အဝေးပြေးသုံး ပန်းအစားခံ (Highway Pattern)အားအသုံးပြုပါ။ လမ်း မရှိ ရွှံညွှန် ချိုင့်ခွက်များ၍မောင်းနှင်မည့်ယာဉ်များအတွက်မူ လမ်းကြမ်းသုံး ပန်းသားအတုံးကြီး ပန်းကွက် (Off The Road Pattern) တာယာအား သုံးမှသာလျင် ခရီးရောက်မည်။ လမ်းဆိုးများရော ချောမွေ့သောလမ်းများတွင်ပါ အသုံးပြုမည်ဆိုပါက ဘက်စုံသုံး ပန်းကွက် (Universal Pattern) တာယာ အား ရွေးချယ် ရပါမည်။

၁၃။ မောင်းနှင်မည့်အမြန်နှုန်း နှင့် ကိုက်ညီမည့် တာယာအား ရွေးချယ်ခြင်း မှာလည်းအရေးကြီးပါသည်။ တစ်နာရီလျှင် 100ကီလိုမီတာအထက်မောင်းနှင်မည့် ယာဉ်ဖြစ်ပါက မောင်းနှင်မည့်အမြန်နှုန်း ဘီးလည်ပတ်နှုန်း ခံနိုင်အား ရှိသောတာယာ ကိုသာအသုံးပြုရမည်။ ယာဉ်ငယ်တာယာများ၌ အမြင့်ဆုံးမောင်းနှင်နိုင်မည် အမြန်နှုန်းကို Speed symbol ဖြင့်ပြသည်(ပူးတွဲပါ၂)။ ၀န်ထမ်းအညွန်းကိန်းနှင့်အတူပူးတွဲ၍ ပြလေ့ရှိသည်။ ဥပမာ 185/75R14 84Hဟုတာယာပေါ်၌ဖေါ်ပြချက်သည် 84 သည် ၀န်ထမ်းအညွန်းကိန်း ဖြစ်ပြီး Hသည်အမြန်နှုန်း တစ်နာရီလျှင် 210ကီလိုမီတာ အထိမောင်းနှင်နိုင်သည် ကိုညွှန်ပြကိန်း ဖြစ်သည်။

၁၄။ တာယာတွင်သက်တမ်း ရှိသည် ပျမ်းမျှအားဖြင့် နည်းစနစ်ကျစွာသိုလှောင်ပါက ငါးနှစ် မှ ခြောက်နှစ်၊ အချို့တွင် ဆယ်နှစ်အထိဖြစ်သည်။ တာယာရွေးချယ်ရာတွင် တာယာပေါ်ရှိ ထုတ်လုပ်သည့် ခုနစ် နှင့် ရက်သတ္တပတ်ကို နားလည် ဖတ်တတ်ရန် လိုသည်။ ပုံမှန်အားဖြင့် ဂဏန်းလေးလုံးဖြင့် ဖေါ်ပြသည်၊ ပထမ ဂဏန်းနှစ်လုံးသည် ထုတ်လုပ်သော နှစ်၏ သီတင်းပတ် ကိုဖေါ်ပြပြီး နောက် ဂဏန်းနှစ်လုံးမှာ ခုနှစ်ကို ရည်ညွှန်းသည်။ ဥပမာ 0411 ဟုဖေါ်ပြချက်တွင် 04သည် ဇန္န၀ါရီလ နောက်ဆုံးပတ်ကိုဖော်ညွှန်း၍ 11သည် 2011ခုနှစ်ကိုဆိုလိုသည်။

ဃ။ ။ သုံးစွဲစဉ် ပြုပြင်ထိန်းသိမ်းခြင်း နှင့် သိုလှောင်ရေး။
၁၅။ လေပေါင် သည်တာယာ၏အသက်ဖြစ်သည်၊ လေနည်းခြင်းသည် တာယာ၏သက်တမ်းကို တိုစေ ၍ တာယာဘေးဗိုက်သားများ အားကြေမွ ပေါက်ပြဲစေသည်။ လေများသောတာယာသည် ယာဉ်၏အောက်ပိုင်းစနစ် များအား လျှင်မြန်စွာယိုယွင်းစေ၍ လေ အဆမတန်များပါက တာယာပေါက်ကွဲ ပွင့်ထွက် ခြင်းအထိဖြစ်စေသည်။ လေများသောတာယာတွင် ထိပ်ပန်းသားအလယ်ပိုင်း အစားမြန်မည်ဖြစ်ပြီး လေနည်းသောတာယာတွင်မူ ဘေးဗိုက်သား Sidewall နှင့်ကပ်လျက်ရှိသောပန်းသားများစားသွားပါမည်။ တာယာတွင် ထိန်းသိမ်းထားသင့်သော လေပေါင်မှာ ခန့်မှန်းခြေအားဖြင့် ထုတ်လုပ်သူမှ သတ်မှတ် ပေးထားသော အများဆုံး လေပေါင်၏အောက် တာယာငယ်များတွင် 5~10% ကြား နှင့် တာယာကြီးများ တွင် 5~12% ကြား လျော့၍ ထားရှိမောင်းနှင် သင့်သည်။ သို့ရာတွင်ကုန်တင်ယာဉ်ကြီးသုံး တာယာများတွင်မှု သတ်မှတ် ပေးထားသော အများဆုံး လေပေါင် အတိုင်းထည့်သွင်းအသုံးပြုရမည်။ ပုံမှန်အားဖြင် တာယာတွင်း လေပေါင်သည် တစ်လလျင် 1~2 PSI လျော့ကျ တတ်ပါသည်။ အပူချိန် ၁၀ံ F ပြောင်းလဲတိုင်း လေပေါင် ၁ပေါင် အတက် အကျ ရှိသည်။

၁၆။ ဘီးများအားရှေ့နောက်လဲလှယ် ပေးခြင်းသည် တာယာများအား အစားညီ အသုံးခံစေသည်၊ ကီလိုမီတာ 14000 မောင်းနှင်ပြီးတိုင်း ရှေ့ဘီးနှင့်နောက်ဘီး လဲတပ်ပါ။ ပုံမှန်မဟုတ်သော ပန်းစားမှုများတွေ့ပါက ယာဉ်၏ Alignment (Toe-in/out) နှင့် ဂွေ အား ချက်ချင်းစစ်ဆေး ပြုပြင်သင့်သည်။ Dual Wheel များတွင် အတွင်းဘီးနှင့်အပြင်ဘီး လဲတပ်ပါ။ ဘီးပေါက်ပါကချက်ခြင်း ပြင်ဆင်ပါ မှေးမမောင်းပါနှင့်၊ Dual Wheel များတွင်ကျန်သော နောက်တစ်လုံးနှင့် မှေးမောင်းပါက ကျန်ဘီးပါပေါက်ကွဲ ဆုံးရှုံးမှုနှင့်ကြုံတွေ့ရ၍ အကြောင်းဆိုးသွားနိင်သည်။
ပန်းသားလက်ကျန် 2မီလီမီတာ အောက်တွင် တာယာအားမသုံးစွဲသင့်ပါ၊ အချိန်မရွေး တာယာပေါက်ကွဲ ပွင့်ထွက် ခြင်းဖြစ်နိင်သည်။ အောက်ပါအခြေအနေများတွင် တာယာ အားပြုပြင် သုံးစွဲရန်မသင့်ပါ၊
 

၁၆၊က။ အပေါက်သည် ၁/၄” (၀.၆၃၅စင်တီမီတာ) ထက် ပိုကြီးလျှင်။
 

၁၆၊ခ။ တာယာသည်လုံးဝပြားနေလျှင်။
 

၁၆၊ဂ။ တာယာနှုတ်ခမ်းသား ကောက်ကွေး ကျိုးပြတ် နေပြီဆိုလျှင်။
 

၁၆၊ဃ။ ရာဘာသား ဆွေးမြေ့ ၍ အတွင်းပိုင်း တာယာအိမ်ရာဘာကွန်ပေါင်း လွှာများကွာထွက်လာလျှင်။

၁၇။ တာယာသိုလှောင်ခြင်း သည် လွယ်ကူပါသည်၊ တာယာအား ခြောက်သွေ့အောင် ထားပြီးနောက် ပလတ်စတစ်အိတ် အတွင်းထည့်သွင်းကာ အေး၍ခြောက်သွေ့သော နေရာ၌ နံရံကို မှီ၍ တစ်ခုနှင့်တစ်ခု ကပ်၍ထောင်ထားပါ။ ပလတ်စတစ်အိတ် အတွင်းထည့်သွင်း ရခြင်းမှာ ရာဘာကိုဆွေးမြေ့ စေသော အိုဇုံးဓာတ်ငွေ့နှင့်ထိတွေ့ခြင်းမှ ကာကွယ်ရန် ဖြစ်သည်။ ထောင်ထားသောတာယာများကို ၆လတစ်ကြိမ် လှည့်ပေးသင့်ပြီး ပလတ်စတစ်အိတ် မသုံးနိင်ပါက တစ်လုံးနှင့်တစ်လုံး မစေးကပ်စေရန် တာယာများ ကြားတွင် Talcum ပေါင်ဒါမှုန့်များ ဖြူးထားသင့်သည်။

င။ ။ နိဂုံး။
၁၈။ ယနေ့ကာလ နည်းပညာတိုးတက်လာသောခေတ်တွင် All Steel တာယာထက် နည်းပညာမြင့်၍ ပိုမိုပေါ့ပါးခိုင်ခန့်သော တာယာအမျိုးအစားသစ် ဖြစ်သည့် Beyond All Steel ဆိုသည်မှာထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ သို့ရာတွင် အဆိုပါမျိုးဆက်သစ် တာယာမှာ ထုတ်လုပ်မှုစားရိတ် ကြီးမြင့်နေခြင်းကြောင့် Heavy Duty သုံး ယန္တရား တာယာများမှလွဲ၍ ကျယ်ပြန့်စွာ ဖြန့်ချီ နိင်မှု မရှိသေးပါ။ လုပ်ငန်းလိုအပ်ချက် နှင့်ကိုက်ညီလျက်ရှိနေသေးသော Steel / All Steel များသာ ကမ္ဘာနှင့်အ၀ှမ်း တွင်ကျယ်စွာ အသုံးပြုလျက် ရှိပါသည်။
တစ်ချိန်က တာယာimport လုပ်စဉ်ပြုစုထားသောစာတမ်းလေးပါ။ Robert Aung



Credit : https://th-th.facebook.com/onlinebusinessmyanmar/posts/608429855871952

No comments:

Subscribe

လာလည်သူများ

free counters