ကဗျာ (၁)
ရတနာပူရ အင်းဝ စံနန်းတော်အတွင်း ဘကြီးတော်နှင့် နန်းမတော်မယ်နုတို့ ညီလာခံတစ်ခု၌
ထားဝယ်နယ်မှ “မယ်ကယ်သား” နားပန်တော် တစ်ရံကို ရွှေကြုတ်ဖြင့်ထည့်ကာ လာရောက်ဆက်သ
ပါတယ်။ နန်းမတော်ဟာ နားပန်တော်ကို အထူးနှစ်ချိုက်သွားပါတယ်။ အသင့် ခစားနေကြတဲ့
စာဆိုတော်ကြီး လူဦးမင်း၊ ဘိုးသူတော် ဦးမင်း၊ ရကန်ဦးတိုးနှင့် ရကန်ဖျက် ဦးလန်းတို့အား ကဗျာတစ်ပုဒ် လက်တန်း စပ်ဆိုရမယ်လို့ မိန့်ကြားခဲ့ပါတယ်။ တစ်ဦးလျှင် တစ်ပုဒ်ကျ စပ်ဆိုခြင်းထက်
လေးဦးစပ် စပ်ဆိုရင် ပိုကောင်းမှာပဲလို့ ယူဆတာကြောင့် လေးဆစ်တစ်ပုဒ်ကို စပ်ဆို ဆက်သွင်းလိုက်ကြပါတယ်။ နန်းမတော်ကြီးက သဘောကျသွားပြီး တစ်ဦးလျှင် ဆုတော်ငွေ (၁၀၀၀) ကျပ်စီဆုတော်ချီးမြှင့် ခံရပါသတဲ့။
လူဦးမင်း (ခံ) ။ ။ ဆင်တော်ရန် ပန်နားကပ်၊ ကျောက်မြတ်ကယ် မခြယ်၊
ဘိုးသူတော်ဦးမင်း (အုပ်) ။ ။ သင်္ဘောပါ မယ်ကယ်နှစ်ကို နတ်ရစ်သည့်နှယ်၊
ရကန်ဦးတိုး (ခံ) ။ ။ သီလဂုတ်၊ ကြောင်ကြိုးသွယ်၊ စံပယ်တင်ခိုသန်း၊
ရကန်ဖျက်ဦးလန်း (အုပ်) ။ ။ ရွှေဥပါ ရောင်စုံဝှေ့တယ်၊ နန်းမေ့ ဆင်ပန်း။
ကဗျာ (၂)
ရတနာပုံ ရွှေမြို့တော်မှ စာပေလိုက်စားသူ ဘုရင့်လှေတော်သား တစ်ဦးဟာ စာပေမြတ်နိုးတဲ့
ဗြဲတရော် ရွာကလေးသို့ ရေခပ်ချိန် တစ်ညနေမှာ ရောက်သွားပါတယ်။ သည်အချိန်မှာပဲ ညီမပျို
လေးဦး ရေခပ်နေတာနဲ့ ကြုံကြိုက်သွားပါရော။ ပညာစမ်းလိုတာနဲ့ မိတ်ဖွဲ့လိုက်ပါတယ်။ ရင်းနှီး
သွားပြီးနောက် ကာရန်အရှာရခက်အောင် ရည်ရွယ်ပြီး မိမိအမည်ကို “မောင်ဂွမ့်ဂွမ်ဂွမ်း” လို့
ပြောထားပါတယ်။ မိမိနေရပ်၊ အမည်၊ ရာထူးတွေ ပါအောင် ရွာအမည်လည်း မကျန်လပ်ရလေအောင်
စာစပ်ပြပါ နှမတို့လို့ ပြောလိုက်ပါသတဲ့။ တစ်ယောက်တစ်ပုဒ် စပ်ပြမနေတော့ဘဲ လေးယောက်ပေါင်း
တစ်ပုဒ် စပ်ပြလိုက်ပါတယ်။
မကြီး (ခံ) ။ ။ မန်းရွှေမြို့ပေါ်
မလတ် (အုပ်) ။ ။ လှေတော်မှုထမ်း
မငယ် (ခံ) ။ ။ ဗြဲတရော်သူ လာမစမ်းနဲ့
မထွေး (အုပ်) ။ ။ ကိုဂွမ့်ဂွမ်ဂွမ်း။ ။
ကဗျာ (၃)
ဗန်းမော်ဆရာတော်လောင်းလျာဟာ တစ်ခါ၌ ဇာတိမြေ ရွှေတောင်မြို့မှ အလုံမြို့သို့အသွား
လမ်းခရီး၌ “ကြမ်းပြဲ” ရွာမှာ တစ်ညတာ ခိုနားဖို့ ကြုံပါတယ်။ ကျောင်းထိုင်ဆရာတော်ဘုရားနဲ့
ရင်းနှီးသွားတဲ့အခါ ဆရာတော်ကြီးက လက်တန်းကဗျာတစ်ပုဒ် စပ်ဆိုပြဖို့ မေတ္တာရပ်ခံလာပါတယ်။
ကဗျာထဲမှာ ကြမ်းပြဲရွာ၊ ဆရာတော်စားတဲ့ ကွမ်းအစ်နီကြီး၊ အပါးတွင်ထိုင်နေတဲ့ ဆရာတော်ကြီးရဲ့
တူတော် “သာပေါ်”၊ ဆရာတော်ကြီး ပေါင်က ထိုးကွင်းမင်ကြောင်၊ ဆရာတော်ကြီးရဲ့ ငှက်ဖျားရောဂါ၊
ဆရာတော်ကြီး အစားမဆင်ခြင်ပုံတွေ အကုန်အစင်ပါအောင် ထည့်သွင်း စပ်ဆိုပေးဖို့ပါ မေတ္တာရပ်ခံ
လာပါတယ်။ ဆရာတော်ကြီး အလိုပြည့်အောင် ဗန်းမော်လောင်းလျာ ရဟန်းငယ် စပ်ဆိုပြလိုက်တာကို
ကြည့်ပါ။
ကွမ်းအစ်ကြီး နီတာရဲနဲ့
ကြမ်းပြဲမှာ သူပျော်
သာပေါ်တို့ တူဝရီး
ထိုးကွင်းမင်ကြောင်နှင့်
တွေ့မရှောင် အလွန်စားတယ်
ဖျားတဲ့ ခင်ကြီး။ ။
ကဗျာ (၄)
တစ်နေ့သောအခါ ကနောင်မင်းသားကြီး မြင်းစီးထွက်တော်မူလာရာ လမ်း၌ ဦးပုညနဲ့ တွေ့ပါတယ်။
“ဟေ...... ကိုပုညပါလား၊ မတွေ့ရတာကြာပြီ၊ ကဗျာတစ်ပုဒ်လောက် စပ်ဆိုစမ်းပါကွာ၊ မင်းကြိုက်သလို
စပ်နော် ငါ စိတ်မဆိုးဘူး” ဟု အမိန့်ရှိသဖြင့် ဦးပုညက....
ဗောင်းတော်ရယ်ဆင်၊
ယဉ်ပါဘိတောင်း။
မြင်းပေါ်ကိုယ်တော်စီးတယ်၊
( ) က တစောင်း။
ဟု စပ်ဆိုပြရာ မင်းသားကြီးမှာ အောက်သို့ ငုံ့ကြည့်ပြီး “ ဟီး..... ဟီး.....” ဟု ရယ်လျှက်
အမြန်ထွက်ခွာသွားသော ဟူ၏။
သူငယ်ချင်းတို့ ပျော်ရွှင်ကြပါစေ
Credit : nyansangabar.blog
No comments:
Post a Comment