ရှေးရှေးတုန်းက ရွာတစ်ရွာ
ဆင်းရဲလှတဲ့ မောင်သစ္စာ ၊
ထင်းခုတ်ရောင်းကာ အသက်မွေး
မိအိုဖအို သူလုပ်ကျွေး ။
ငွေရှာဖွေရေး နေ့တိုင်းပင်
ထင်းတွေခုတ်ဖို့ တောကိုဝင် ၊
အိမ်တွင်ကျန်ရစ် မိဘများ
ထင်းရောင်း ဆန်ဝယ် ချက်ပြုတ်ထား ။
ဆင်းရဲသားလေး သူ့မှာလေ
လယ်ယာကျွဲနွား မပိုင်ပေ ၊
နှစ်ရှည်လများ သူကိုင်စွဲ
သံပုဆိန်လေး တစ်ချောင်းထဲ(တည်း) ။
တောထဲထင်းခုတ် တစ်နေ့ခါ
ချောင်းကမ်းနဖူး တစ်ခုမှာ ၊
အားစိုက်လွှဲကာ သစ်ပင်ခုတ်
ပုဆိန်လွတ်ကျ ရေထဲမြုပ် ။
ရေမှာငုတ်လို့ သူရှာဖွေ
ကြာပင်ကြာလည်း မတွေ့ပေ ၊
နောက်ဆုံးမှာလေ ချုံးပွဲချ
မောင်သစ္စာလေး ငိုနေရ ။
ထိုစဉ်ခဏ ချောင်းထက်တွင်
ချောင်းစောင့်နတ်မင်း ရောင်ဝါထင် ၊
"ရွှေပုဆိန်" လျှင် ယူကာပြ
'မောင်မင်းပစ္စည်း ဟုတ်ပါစ' ။
မောင်သစ္စာက ခေါင်းခါသည်
မဟုတ်တာမို့ မယူပြီ ၊
ထို့နောက်တစ်လီ ထပ်ကာမေး
"ငွေပုဆိန်" ကို ပြတယ်လေး ။
'မဟုတ်သေးဘူး' ငြင်းပြန်ရာ
သံပုဆိန်လေး ယူပြလာ ၊
မောင်သစ္စာလေ ပြုံးရွှင်သွား
သူ့ပစ္စည်းမို့ လက်ခံသွား ။
အမှန်တရား မြတ်နိုးသူ
ချောင်းစောင့်နတ်မင်း ချစ်ကြည်ဖြူ ၊
'ယူစမ်းပါကွယ် ငါဂုဏ်ပြု
ပုဆိန်အားလုံး ရိုးသားဆု' ။
လူ့လောကရဲ့ အလယ်တွင်
ရိုးဂုဏ်တန်ဖိုး မြင့်သည်ပင်
ရိုးသားပါလျှင် ကောင်းကျိုးရ
အတုယူကြ ပြုမူကြ ။
မောင်သစ္စာလေး စံမူပြ....။ ။
( အလှကမ္ဘာ ညီတို့ရွာ ကလေးကဗျာများ စာအုပ်မှ)
Credit: mgseinnaung.blog
No comments:
Post a Comment