တစ်ခါက တိုင်းပြည်တစ်ပြည်မှာ ... အင်မတန်လှပချောမောတဲ့ မင်းသမီးလေးတစ်ပါးရှိတယ် ။
သူ့ကိုလက်ထပ်ချင်တဲ့ မင်းညီမင်းသားတွေ သူဌေးသူကြွယ်တွေ အများကြီးပဲ ...တဲ့ ။
လက်ဆောင်ပဏ္ဏာတွေအမျိုးမျိုးပေးပြီး လက်ထပ်ဖို့လာရောက်ကမ်းလှမ်းတဲ့သူတွေများလွန်းလို့
မင်းသမီးလေးဟာ ပြသာဒ်မြင့်တစ်ခုအပေါ်မှာ တက်ပုန်းနေရပါသတဲ့ ။
ဒါပေမဲ့ တစ်နေ့မှာတော့ မင်းသမီးဆီကို လူငယ်တစ်ယောက်ရောက်လာတယ်။
ဒီလူငယ်ဟာ လက်ဆောင်ပဏ္ဏာအဖြစ် ရွှေလင်ပန်းထဲမှာ ကျောက်သံပတ္တမြားတွေအပြည့်ထည့်ပြီး
သူ့ကိုလက်ထပ်ခွင့်ပြုဖို့တောင်းပန်တယ် ။
ဒါပေမဲ့ ထုံးစံအတိုင်းပဲ မင်းသမီးလေးကငြင်းဆိုနေတဲ့အတွက် နောက်ဆုံးမှာ ပြန်သွားရတယ် ။
မကြာမီရက်အတွင်းမှာပဲ ဒီလူငယ်ဟာ မင်းသမီးလေးရဲ့အဆောင်တော်ကိုရောက်လာပြန်တယ် ။
ဒီတစ်ခါမှာတော့ လူငယ်ဟာ လက်ဆောင်ပဏ္ဏာအဖြစ် ငွေလင်ပန်းထဲမှာ ငွေဒင်္ဂါးတွေထည့်ယူလာတယ် ။
ဒီတစ်ခါမှာလည်း မင်းသမီးလေးက လူငယ်ရဲ့ကမ်းလှမ်းချက်ကို အတင်းငြင်းဆန်နေတဲ့အတွက် လူငယ်ဟာ
ပြန်သွားရပြန်ပါတယ်။
ဒါပေမဲ့ မကြာပါဘူး ... ။ မလျှော့သောဇွဲလုံ့လတွေနဲ့အတူ ယောက်ျားကောင်းတို့ထုံးနှလုံးမူလို့
ရက်အနည်းငယ်အတွင်းမှာပဲ လူငယ်ဟာ မင်းသမီးလေးဆီရောက်လာပြန်တယ် ။
ဒီတစ်ခေါက်မှာတော့ လူငယ်ဟာ လက်ဆောင်ပဏ္ဏာအဖြစ် ကြေးလင်ပန်းထဲမှာ ကြေးပြားအနည်းငယ်သာထည့်ပြီး
ယူဆောင်လာခဲ့ပါသတဲ့ .... ။
လူငယ်ဟာ မင်းသမီးလေးဆီကိုသုံးခေါက်လာရာမှာ တစ်ခေါက်နဲ့တစ်ခေါက် လက်ဆောင်တွေက မတူပါဘူး ။
တစ်ခေါက်ထက်တစ်ခေါက် လက်ဆောင်ပစ္စည်းတွေရဲ့ တန်ဖိုးဟာ တိုးမလာပဲ လျော့သထက်လျော့ပြီးသာ
ယူဆောင်လာနေပါတယ် ။ ဒါကို မင်းသမီးလေးကလည်း သတိထားမိတယ် ။
“ တကယ်ဆိုရင် ပထမတစ်ခေါက်မှာ ငါ့ရဲ့မေတ္တာကိုမရရင် ဒုတိယတစ်ခေါက်မှာ ပိုပြီးအဖိုးတန်တဲ့ လက်ဆောင်
ပစ္စည်းကိုယူလာရမှာ ။ ခုတော့ တစ်ခေါက်ထက်တစ်ခေါက် ညံ့တဲ့လက်ဆောင်ကိုပဲ ယူယူလာနေတာ ... တကယ်
တော့ ငါ့ကိုစော်ကားတာပဲ ”
ဒီလိုတွေးပြီး မင်းသမီးလေးက ... “ ရှင် ဘယ်လိုလူလဲ ၊ ကျွန်မကို မလေးမစားလုပ်တာလား ?
တစ်ခေါက်ထက်တစ်ခေါက် ညံ့တဲ့လက်ဆောင်ကိုယူလာတာ ဘာသဘောလဲ ? ” ... လို့မေးတယ် ။
မင်းသမီးလေးက ဒီလိုမေးတော့ လူငယ်က... “ ကျွန်တော် စော်ကားတာမဟုတ်ရပါဘူး ၊ အသင်မင်းသမီးလေးနဲ့
တကယ်ထိုက်တန်တဲ့လက်ဆောင်ပဏ္ဏာကိုသာ ယူလာတာပါ” ...လို့ပြန်ပြောသတဲ့ ။
ဒီအခါမှာ မင်းသမီးလေးဟာ ပိုဒေါသထွက်သွားတယ် ။
“ ဒါဆိုရှင်ဟာ ကျွန်မအလှနဲ့ ကျွန်မသိက္ခာကိုစော်ကားတာပဲ ” လို့ ဒေါသတကြီးနဲ့ အော်ပြောတယ် ။
လူရွယ်က - “ ကျွန်တော် စော်ကားတာမဟုတ်ရပါဘူး ... ။ အသင်မင်းသမီးလေးဟာ တစ်နေ့ထက်တစ်နေ့
လှသထက်လှလာတာမှမဟုတ်တာ ။ တစ်နေ့ထက်တစ်နေ့ အိုခြင်းတရားနဲ့အတူ အလှအပတွေဟာလည်း
လျော့လျော့သွားနေတာပါ ။ ဒီလို အလှတွေလျော့သွားတာမို့လို့လည်း ကျွန်တော်ကလက်ဆောင်ပစ္စည်းတွေကို
တန်ဖိုးလျှော့လျှော့ပြီး ယူလာခဲ့တာပါ .... ” လို့ပြန်ပြောလိုက်တယ်။ ဒီပုံပြင်လေးဖတ်ပြီးရင် ရိုးရိုးလေးပဲ တွေးကြပါစို့ ... ။
ဘ၀မှာ အလှဟာ မတည်မြဲတဲ့အရာပါ ... ။ နေ့စဉ်နဲ့အမျှ တန်ဖိုးကျတတ်တဲ့သဘောသဘာဝလည်းရှိပါတယ် ။
ဒါဆို ကိုတို့တွေဟာ တစ်နေ့ထက်တစ်နေ့ တန်ဖိုးတွေပဲ လျော့လျော့သွားကြရတော့မှာလား?
ဘ၀ရဲ့ နောက်ဆုံးအချိန်ကိုရောက်တဲ့အခါ ဘာတန်ဖိုးမှမရှိတော့တဲ့ ထင်းနုပ်အဖြစ် ဒီခန္ဓာကိုယ်ကို
စွန့်ခွာသွားကြရမှာလား ?
ပညာဆိုတာ ဘ၀ကို အရှုံးမရှိအောင် ဖြတ်သန်းတဲ့နေရာမှာသုံးဖို့ သင်ကြားတဲ့အရာပါ ။
နဲနဲလောက် ပညာရှင်ဆန်ဆန်တွေးကြရအောင်လား ။
ကိုတို့တွေ တစ်ခုခုရှုံးနိမ့်သွားပေမယ့် တစ်ခုတော့ အမြတ်ရအောင် ပြန်ယူရမယ်လေ ... ။
ဘ၀မှာ အလှတွေ ဆုံးရှုံးသွားတယ်ဆိုပေမယ့် ... ကိုယ်တို့တွေရဲ့ စိတ်ဝိဥာဉ်ကို တစ်နေ့ထက်တစ်နေ့
တန်ဖိုးမြင့်လာအောင် ကြိုးစားကြမယ်ဆိုရင်ရော ... ။
ဟုတ်တယ်လေ .. စိတ်ဝိဥာဉ်ဆိုတဲ့အရာကိုတော့ အိုမင်းလာတာနဲ့အမျှ တန်ဖိုးတွေတက်လာအောင်
ကြိုးစားနိုင်ခဲ့မယ်ဆိုရင်...
ကိုတို့တွေ ရှုံးတယ်လို့ပြောလို့ ဘယ်ရမှာလဲ .. ?
ဒါဆို... ပုံပြင်ထဲက လူငယ်လို ကြေးခွက်နဲ့ကိုယ့်ကိုလာကမ်းလှမ်းတဲ့အခါ
ရဲရဲဝံ့ဝံ့လက်မထောင်ပြီး ပြန်ပြောလို့ရပြီလေ.... ။
ကျွန်မမှာ .. ရုပ်အလှက တန်ဖိုးကျသွားပေမယ့် စိတ်အလှကတော့ အရင်ကထက် ပိုပြီးတန်ဖိုးမြင့်သွားပြီ ၊
အဲဒီတော့ ရှင့်ရဲ့လက်ဆောင်ပစ္စည်းကိုလည်း ပိုပိုပြီးတန်ဖိုးမြှင့်ယူဆောင်လာသင့်တယ် ... လို့
ပြန်ပြောလို့ရနိုင်တာပေါ့ ။
ကို မြှောက်ပေးတာမဟုတ်ဘူးနော် .. အူကြောင်ကြောင်လုပ်ရင် နားရင်းပါ အုပ်ပြီးပြောလို့ရပြီ... :D
ဘာဖြစ်လို့ဆို ကို့ဘက်က ခိုင်မာနေပြီလေ... ။
ကိုပြောချင်တာ ဒါပါပဲ ... ။
ဘ၀မှာ တစ်နေ့ထက်တစ်နေ့ တန်ဖိုးကျသွားတဲ့မိန်းကလေးတစ်ယောက်မဖြစ်ပါစေနဲ့။ ဒီနေ့မှာ ရွှေခွက်နဲ့
ကမ်းလှမ်းခံရရင်တောင် နောက်နေ့မှာ စိန်စီထားတဲ့ခွက်နဲ့ ကမ်းလှမ်းခံရတဲ့မိန်းကလေးတစ်ယောက်ဖြစ်
အောင် အမြဲကြိုးစားပါ ။
ရုပ်အလှ စိတ်အလှ ပညာပြည့်ဝ၍လှသော နှလုံးအလှ သုံးဝတို့နှင့်ပြည့်စုံ၍
လောကအလယ် တင့်တယ်လန်းဆန်းသော အဖိုးတန်ပန်းကလေးအဖြစ်
မွှေးပျံ့ထုံသင်း ဂုဏ်သတင်းမွှေးပါစေ...လို့ ဆန္ဒပြုရင်း ...အဝေးက .... ချစ်တဲ့ .... “ ကို ”
Credit :ဖိုးသူတော် (www.phothutaw.com)
Credit : Nyachitthukalay
No comments:
Post a Comment