“ပျားရည်ထွက်ကုန် ရရှိစေရန်မှာ တစ်ခုတည်းသော နည်းလမ်းသာရှိသည်။ ပျားများနေထိုင်ရန် လေ၊ ရေ၊ ရာသီ ဥတု၊ သစ်တောသစ်ပင် တို့သာဖြစ်သည်။ စာရေးသူတို့ မြန်မာနိုင်ငံတွင် လေကောင်းလေသန့်၊ ရေကောင်း ရေသန့်ရှိသည်။ သစ်တော၊ သစ်ပင်များ ရှိဖို့သာ လိုသည်”
ဒေသအလိုက် ပျားဖွပ်သမားများအဖို့လည်း တစ်နေ့စာအတွက် ဝမ်းစာ ဖူဖူလုံလုံ ရရှိစေသည်။ ပျားတစ်အုံတွေ့လိုက်ပါက ပျားသလက်ကိုပါ ရောင်းစားရပြီး ပျားရည်ရောင်းရငွေသည် လက်ရှိပေါက်ဈေးအရ တစ်ဆယ်ကျပ်သား ၁,၅ဝဝ ကျပ်မှ ကျပ် ၂,ဝဝဝ အထိ ရရှိနိုင်ပေသည်။ ထို့ ကြောင့် မြန်မာစကားပုံတွင် 'ခလုတ် ထိတော့ အမိတ၊ ပျားရတော့ မယား ဖို့' ဟု ဆိုရိုးစကားရှိခဲ့သည်။ ပျားရည်နှင့်ပတ်သက်၍လည်း 'ပျားလည်းစွဲသာ ရှဥ့်လည်းလျှောက်သာ၊ ပျားရည် နှင့် ဝမ်းချသည်၊ စားရကံကြုံတော့ မုတ်ဆိတ် ပျားစွဲ၊ ပျားကိုပုံပြု ပညာ ဥစ္စာစု' စသည်ဖြင့် တွေ့ရသည်။
ပျားရည်ပေါများသည့် သီတင်း ကျွတ်၊ တန်ဆောင်မုန်းလတို့တွင် ပျားဖွပ်သမားများ၊ ပျားရှာသမားတို့သည် တောအနှံ၊ တောင်အနှံ့ ခြေရာချင်း ထပ်လောက်အောင် များလှသည်။ ယမန်နှစ်ကထက် ယခုနှစ်တွင် ပျားရည်ပိုရှာရသည်ဟု သိရ၏။ နောက် မိုးကောင်းသောကြောင့် သစ်ပင် ခြုံကြီးများ ပေါသည့်အတွက် ပျားစွဲကြခြင်းဖြစ်သည်ဟု ပျားဖွပ်သမားတို့က ပြောပြကြသည်။
ပျားရည်၏အသုံး
စာရေးသူတို့ အညာမြေလတ်
ဒေသတွင် အုံပျားရည်နှင့် သစ် ခေါင်းပျားရည်ဟူ၍ နှစ်မျိုးရှိရာ၊
အုံပျားရည်ထက် သစ်ခေါင်းပျားရည် က ဈေးပိုကောင်းကြောင်း သိရသည်။
လက်ရှိပေါက်ဈေးအရ အုံပျားရည် တစ်ဆယ်ကျပ်သား ၁၅ဝဝ ကျပ်၊ သစ်ခေါင်းပျား၊
မြေအောင်းပျားရည် သည် တစ်ဆယ်သား ကျပ် ၂,၅ဝဝ မှ ၃,ဝဝဝ အထိ ရှိသည်။
ပျားရည်စစ်စစ်များ ဖြစ်ပေသည်။ပျားရည်ကို သွားရေစာတစ်မျိုးအဖြစ် စားသုံးခြင်း မဟုတ်ပါ။ ပျားရည်ကို ဆေးဘက်ဝင်သည့် ပစ္စည်းတစ်မျိုး အဖြစ် အသုံးပြုကြသည်။ အသက်အရွယ်ကြီးသူများ၊ ဆရာတော်ကြီးများအတွက် ကျန်းမာရေးသုံး၊ ဆေးဘက်ဝင်ပစ္စည်းအဖြစ် မရှိမဖြစ် ဆောင်ထားလေ့ရှိကြပြီး၊ လိုအပ်သလို စားသုံးကြသည်ကိုတွေ့ရ၏။ မြန်မာ့ပရဆေးတွင်လည်း ပျားရည်ကို ဆေးဘက်ဝင်ပစ္စည်းတစ်မျိုး အဖြစ် အသုံးပြုကြသည်။
စာရေးသူတို့ကိုယ်တိုင်ပင်လျှင် မိသားစုကျန်းမာရေးအတွက် ပျားရည်စစ်စစ်ကို အမြဲဆောင်ထားလေ့ရှိ၏။ ယာတောတွင် အလုပ်များသောကြောင့် အလွန် ပင်ပန်းနွမ်းနယ်နေပါကလည်း ပျားရည်နှင့် သံပရာရည်ကို ရောစပ် သောက်သုံးလိုက်ပါက အလွန်လျှင်မြန်စွာခုန်နေသော နှလုံးသည် ပုံမှန် လည်ပတ်စေကာ အမောပြေသည်ကို ကိုယ်တွေ့ဖြစ်ပါသည်။ ကာယအားဖြင့် စိုက်ထုတ်ရသော တောင်သူတစ်ဦးအတွက် လက်တွေ့ အမောပြေဆေးဖြစ်ပါသည်။
မိမိက ချဲ့လျှင် ချဲ့သလို၊ နှမ်း ဆီစစ်စစ်၊ ဖြစ်နိုင်ပါက နှမ်းနက်ဆီ စစ်စစ်၊ သံပရာသီး တစ်လုံး၊ ကြက်ဥ တစ်လုံး(တောကြက်ဥ)၊ ပျားရည်စစ်စစ်တို့ကို ရောစပ်ခလောက်ကာ သောက်လိုက်ပါက စွမ်းအားပြည့် မြန်မာ့အားဆေးဖြစ်ပါသည်။ သံပရာသီးမပါဘဲ အားဆေးအဖြစ်လည်း ပျားရည်၊ ကြက်ဥ၊ နှမ်းဆီ၊ ထောပတ်၊ ငှက်ပျောဖီးကြမ်းမှည့်မှည့် ရောစပ်စားပါကလည်း မြန်မာ့ဂျင်ဆင်အားဆေးမှ အားဆေးရယ်ပါ။
တစ်ဖန် ပျားရည်နှင့် နနွင်း၊ နနွင်းခါး၊ ပျားရည်နှင့် ဆင်တုံးမနွယ်၊ ပျားရည်နှင့် သံပရာရည်တို့ကို ရောစပ်စားသုံးလေ့ရှိကြသည်။ စာရေးသူ သည် လွန်ခဲ့သောအနှစ် ၃ဝ ခန့်က အနောက်ရိုးမတောင်ခြေ၊ ပနီဇုန် ချောင်းဘေးရှိ၊ မကွေးတိုင်း၊ မင်းလှ မြို့နယ်၊ လက်ပန်တံခါးရွာ တွဲဖက် အလယ်တန်းကျောင်း စတင်တည်ထောင်ခဲ့စဉ်က ချင်းအမျိုးသမီး ဆရာမဒေါ်မိုးမိုးဆမ်း၊ ခလိုင်း-ဂွေး ချောင်းမှ ကျောင်းဆရာ ကိုနိုင်၊ ဈေးကွက်ရေးဖော်သူငယ်ချင်း ဦးမြင့်သန်း(မကွေးမြင့်သန်း)တို့နှင့်အတူ ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးရာ ပနီချောင်း၊ မင်းတုန်းချောင်းတို့ စီးဆင်းရာ အနောက်ရိုးမတောင်ခြေရွာများကို ယနေ့တိုင် မမေ့ နိုင်ပါ။
ထိုစဉ်က စာရေးသူသည် ပြည်သူ့စစ်ခေါင်းဆောင် ဦးရာဆိုင်၊ ဦးစူတို့နှင့် ရိုးမတောင်ပေါ်သို့ ဗဟုသုတအဖြစ် တက်ခဲ့ရာတွင် ပျားရည် နှင့် ထမင်းပူပူ ရောစပ်စားသောက်ခဲ့ရသည်ကို ယနေ့တိုင် မမေ့နိုင်ပါ။ ပျားရည်စစ်စစ်နှင့် ထမင်းပူပူရောစပ်ကာစားရသည်မှာ အလွန် အရသာ ထူးလှပါသည်။ ပျားရည်စားသုံးမှုအကြောင်း ပြောလိုခြင်းဖြစ်ပါသည်။ ယခုထက်တိုင် ပျားရည်ပေါ်ချိန်တွင် ပျားသလက်နှင့် ကြက်ဥ ရောစပ်ကာ ကြော်ပြီးစားသောက်ခြင်း၊ ပျားရည် နှင့် ထမင်းရောစပ်စားခြင်းမှာ တောဓလေ့တစ်ခုလို ဖြစ်နေပါတော့သည်။
ပန်းသီးနှင့်ပျားရည်
ပျားရည်စားသုံးမှုနှင့်
ပတ်သက်၍ ဆရာတော်ကြီးတစ်ပါး၏ ထူးထူးခြားခြား ပျားရည်ကို ဆေးအဖြစ်
မှီဝဲမှုပြောပြလိုပါသည်။ စာရေးသူတို့ မကွေးတိုင်းအတွင်း ရွှေနတ်ကယ်တောင်
ဆရာတော်ကြီးသည် သာသနာပြုဆရာတော်ကြီးတစ်ပါးအဖြစ် မကွေး၊ နတ်မောက်၊ မြို့သစ်၊
ရန်ကုန်၊ မန္တလေး စသည့် အနယ်နယ် အရပ်ရပ်တွင် ထင်ပေါ်ကျော်စောလှပါသည်။
ပျော်ဘွယ်၊ မင်းကြိုက်ဘုရား၊ နတ်မောက်မြို့နယ်၊ နမ်မြင့်ဘုရား၊
မကွေးမြို့နယ်၊ ကြာကန်ရွာဦး(ပြေလည်အေး) ဆုတောင်းပြည့် ဘုရား၊
နတ်မောက်မြို့၊ မဟာမြတ်မုနိဘုရား တို့ကို ဆရာတော်ကြီး၏ ဦးဆောင်မှုဖြင့်
ရှေးဟောင်းဘုရား စေတီတော်များကို ပြန်လည်ပြုပြင် မွမ်းမံလျက်ရှိရာ
အထူးအောင်မြင်ပြီး ဖူးတွေ့ရသူတိုင်း ကြည်ညိုမဆုံးနိုင်ကြပါ။ မကွေး၊
နတ်မောက်၊ ရွာမွန်၊ ပျော်ဘွယ်သွားလမ်း၊ နေပြည်တော်သွားလမ်းဘေး
ရွာမွန်အကျော်တွင် ရွှေနတ်ကယ်တောင်ရှိ ဘုရားများကို အသစ်တည်ထား
ကိုးကွယ်လျက်ရှိပါသည်။ဆရာတော်ကြီးထံသို့ စာရေးသူတို့ ကြာကန်ရွာမှ ကိုမာ၏ကားဖြင့် ဘုရားဖူးလိုက်ခဲ့ရာ ဆရာတော်ကြီးက ထူးထူးခြားခြားပင် ပျားရည်စစ်စစ်နှင့် ရောနယ်ထားသော ပန်းသီးဖြင့် ဧည့်ခံပါသည်။ ဆရာတော်ကြီး၏ကျောင်းတွင် ဒေသခံရွာများမှ ဘုရားဖူးလာကြသူများကလည်း ဆရာတော် နှစ်ခြိုက်လေ့ရှိသည့် ပျားရည်ကို ပျားရည်ဆွမ်းအဖြစ် လာရောက်လှူလေ့ရှိကြသည်။
ပန်းသီးများပေါများချိန်ဖြစ်ရာ၊ ပန်းသီးနှင့် ပျားရည်မှာ စား၍ အရသာရှိလှသည်။ ပျားရည်၏ မွှေးကြိုင်သော ရနံ့၊ ပန်းသီး၏ရနံ့နှင့် ပေါင်းစပ်ပြီး အရသာမှာလည်း ပန်းသီးအရသာနှင့် ပျားရည်အရသာ နှစ်ပါးရောစပ်ထားခြင်းကြောင့် ပင်ပန်းနွမ်းနယ်မှုကိုပျောက်စေပါသည်။ ပန်းသီးအခွံနွှာပြီး ဓားဖြင့် အစိတ်များပြုလုပ်ထားသည်။ ပျားရည်နိုင်နိုင်ဖြင့် ရောထားသည်ကို စားခဲ့ရသည်။
ဆရာတော်ကြီး ကိုယ်တိုင်လည်း ပန်းသီးနှင့် ပျားရည်ကို မပြတ်ဘုဉ်းပေးလေ့ရှိပါသည်။ တစ်ခါဘုဉ်းပေးပါမှ တစ်ဇွန်း၊ နှစ်ဇွန်းခန့်သာ။ ပန်းသီးသည် နှလုံးရောဂါရှိသူများ၊ သွေး တိုးရောဂါရှိသူများ၊ မရှိသေးသောသူများလည်း ထိုရောဂါမှ ကာကွယ်စေ နိုင်သည်ဟုဆိုသည်။ ပျားရည်နှင့် တေစားပါက ဆိုဖွယ်ရာမရှိတော့ပြီ။ ပန်းသီးနှင့် ပျားရည် ရောစပ်ကာ ထားသည်ကို မြင်ခဲ့ရသော စာရေးသူပင် သွားရည်ယိုမိပါသည်။
အစာလည်းဆေး၊ ဆေးလည်းအစာဖြစ်ပေရာ ကျန်းမာရေးအတွက် ပျားရည်၏အသုံးဝင်ပုံကို ဖော်ပြခြင်း ဖြစ်ပါသည်။
ပျားရည်နှင့်အမဲခြောက်
သန့်ရှင်းလတ်ဆတ်သော
အမဲသားကောင်းကောင်းကို အညှင်းပြုလုပ်ကာ နေပူတွင် အခြောက်ထားပြီး၊
ခြောက်သောအခါ ငရုတ်ဆုံတွင် ထုထောင်းကာ ပျားရည်စစ်စစ်နှင့် ရောစပ်စားပါက
အားဖြစ်စေသည်ဟု မြန်မာ့တိုင်းရင်းဆေး ဗိန္ဓောဆရာများက ဆိုပါသည်။ ရွာမှ
ဆရာဦးသောင်း ရွှေ(ဗိန္ဓော)ဆရာကလည်း ''ဟာ... ကိုကြီးရ တချို့ကပြောကြတယ်။
အမဲသားနဲ့ ပျားရည် မတည့်ဘူး တဲ့။ အမဲခြောက်နဲ့ ပျားရည်က တည့်တယ်။
အားနည်းတဲ့ လူနာအားရှိအောင် ကျွန်တော်ကိုယ်တိုင် လူနာကို ကျွေးဖူးတယ်'' ဟု
ပြောပြဖူးပါသည်။မှန်ပါသည်။ နေရောင်ခြည်ဖြင့် ကင်ထားသော အမဲခြောက်နှင့် ပျားရည်ရောစပ်ထားသည့်အစာကို ဆရာ ဘုန်းကြီးတစ်ပါးက ဆေးနည်းပေး၍ စာရေးသူကိုယ်တိုင် စားဖူးပါသည်။
ပျားရည်နှင့် ပရဆေး
ပျားရည်တစ်မျိုးတည်းသာ
စားသုံးပါက ရင်ပူစေပါသည်။ မိမိစိတ်ကြိုက် အဖော်ဆေးတစ်မယ်ဖြင့်သာ
ရောစပ်သုံးခြင်းအားဖြင့် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ခွန်အားတိုးခြင်းကို
ဖြစ်စေပါသည်။ မြန်မာ့တိုင်းရင်းဆေးတွင် ပရဆေးတစ်မျိုးမျိုးနှင့်သာ
ပျားရည်ကို စားသုံးလေ့ရှိကြပါ သည်။ တိုင်းရင်းဆေးဖော်စပ်ရာတွင်လည်း
ပျားရည်တည်းဟူသော ဆေးတစ်မယ်က ဆေးတစ်ဖုံတွင် ပါဝင်လေ့ရှိသည်ကို တွေ့ရသည်။
ပျားရည်တွင် ခန္ဓာကိုယ်အတွက် အလွန်တန်ဖိုးရှိသည့် အာဟာရဓာတ်များ များစွာ
ပါဝင်သည်မှာ အထူးပြောစရာမလိုတော့ပါ၊ အသင့်အတင့် စားသုံးခြင်းအားဖြင့်
ဘေးထွက်ဆိုးကျိုးများ မဖြစ်စေနိုင်။ ထို့ကြောင့်ပင် ကမ္ဘာနှင့်အဝန်း
ပျားရည်သည် ဈေးကွက်ဝင်နေခြင်းဖြစ်သည်သာ။စာရေးသူတို့ အညာမြေလတ် တစ်ကြောတွင် ရွာဦးကျောင်းထိုင် ဆရာတော်ကြီးများ၊ ထေရ်ကြီး၊ ဝါကြီး ဆရာတော်ကြီးများကို ဆေးဘက်အဖြစ် တန်ဆောင်မုန်းပျားရည်ကို ပျားရည်ဆွမ်းအဖြစ် လှူဒါန်းလေ့ရှိကြသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက် နေ့က စာရေးသူကိုယ်တိုင် ဧရာဝတီမြစ်အနောက်ဘက် မင်းဘူးမြို့၊ မှန်ကင်းကျောင်းတိုက်တွင် သီတင်းသုံး နေသော သက်တော် ၉၂ နှစ်ရှိပြီ စာရေးသူ၏ငယ်ဆရာ၊ ဆရာတော် ဦးဇဝနထံသို့ ပျားရည်ဆွမ်းအဖြစ် ပျားရည်တစ်ပုလင်း သွားရောက် လှူဒါန်းခဲ့သည်။
သက်တော်ကြီးပြီ ဖြစ်သော် လည်း တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်းအလုပ်ဖြင့်သာ အချိန်ကုန်စေသည်။ စာရေးသူရေးသော ဈေးကွက်ဂျာနယ်ကိုပင် မျက်မှန်မပါဘဲ၊ သတင်းဆောင်ပါးများ အစအဆုံး ဖတ်လေ့ရှိသည်။ ဆရာတော်ကိုယ်တိုင် ပျားရည်ကို အမြဲဘုဉ်းပေးလေ့ရှိသည်ဟု သိရ၏။
ထူးဆန်းသော ပျားကြီးရည်
အောင်လံနှင့်
ပြည်ကြားတွင် တွေ့ရသော ပျားများသည် ရိုးရိုးပျား နှင့်
ပျားကြီးတို့ဖြစ်သည်။ ရံဖန်ရံခါ မြေအောင်းပျားအုံကြီးများကို တွေ့ရတတ်ပေရာ
ပျားအုံတစ်အုံတွေ့လိုက်ပါက ပိဿာချိန် ၁၅ ပိဿာမှ ၃ဝ ပိဿာအထိ ရတတ်သည်ဟု
ဆိုသည်။ ပျားဖွပ်သမားတို့ပြောပြသည်မှာ ဂမ္ဘီရဆန်သည်ဟု ပြောရလေမလား။
ဂမ္ဘီရဆန်သော ပျားဖွပ်နည်းများလည်းရှိကြသည်။ ရှေ့ဦးအုန်း၊
ငှက်ပျောတို့ဖြင့် ပွဲတင်ကြကာ ဖယောင်းတိုင်၊ အမွှေးတိုင် ထွန်းညှိ ခြင်း၊
ဆန်ပန်းပက်ခြင်း၊ ဂါထာမန္တာန်စုတ်ခြင်းတို့ကို ပြုလုပ်ပြီး ရက်မြတ်
ရက်ကောင်းရွေးကြကာ စစ်ကြေညာပြီး ပျားဖွပ်သည့်နည်းလည်း ရှိသည်။ ဘယ်နေ့
ဘယ်ရက် ဘယ်အချိန် ဘယ်နာရီမှာ ငါတို့သည် သင်တို့ထံ စစ်ချီတက်လာကြမည်။
အသင်တို့မှာ ရှိသော စစ်အင်္ဂါအပြည့်အစုံနှင့်တကွ သင်တို့၏ အာဏာစက်တည်ရာ
အနီးအနားတစ်ဝိုက်ပါမကျန် ခုခံ တိုက်ခိုက်ရန် အသင့်ပြင်ထားကြလော့ဟု
ကြေညာပြီး သတ်မှတ်ထားသော ပျားအုံကို စစ်ကြေညာသည့်ရက် လပြည့်နေ့ညတို့တွင်
ပျားဖွပ်သမားတို့က ပျားဖွပ်သွားကြသည်။ပျားဖွပ်သမားတို့က စစ်နိုင်ပါက ပျားရည်ကောင်းကောင်းရတတ်ပြီး ပိဿာလိုက်ချီရသည်။ ထူးဆန်းသည်မှာ ပျားအုံတွင် အမှန်တကယ်ပင် ဆင်ရုပ်၊ မြင်းရုပ်၊ ခွေးရုပ်၊ ကျားရုပ်၊ စစ်သားရုပ်များတွေ့ရသည်ဟု ဆိုသည်။ ပျားဖွပ်သမားတို့သည် စစ်ရှုံးပါက အဆိုပါပျားအုံမှ လျှာဖြင့်လျက်ရန် ပျားရည်ပင် မရဟု ပျား ဖွပ်သမားတို့က ပြောပြ၍သိရသည်။
မကွေးတိုင်း၊ အောင်လံနှင့် ပြည် ကြားတွင် စိမ်းလန်းစိုပြေသော သစ်တောများလည်း ရှိတတ်ပေရာ ပျားအောင်း(မြေအောင်းပျား)၊ သစ်ခေါင်းပျား ပျားကြီးများကို တွေ့ရတတ်သည်။ အဆိုပါပျားကြီးသည် ယင်ကောင်ပမာ ကြီးမားပြီး ထိုပျားအထိုးခံရပါက ငှက်ဖျားဖျားသလောက်ပင် အဖျားကြီးကာ အဆိပ်ပြင်းသည်ဟု သိရ၏။ အချို၊ အခါး၊ အချဉ်၊ အဖန်ဓာတ်ပါ သီးခြားစီပါသည့် ရှမ်းပြည် နယ်ပျားရည်သည် သကာပျားသို့ ချိုသည်။
သင်ဓုန်းဓားထက်ထက်ပေါ်မှ ပျားရည်စက်ကို လျက်ရသည့်ပမာ... စသည်ဖြင့် ပျားရည်မှန်လျှင် ချိုသည်။ သို့သော်လည်း အချို၊ အခါး၊ အချဉ် ဓာတ်ပါသော ပျားရည်လည်းရှိသည်ဟု သိရ၏။ ရှမ်းပြည်နယ်၊ ကလော၊ တောင်ကြီး၊ အောင်ပန်းဒေသရှိ ပျားအောင်း(မြေအောင်းပျား)များမှ ချိပ် ပြုလုပ်ရသော အုံပျားကြီးများရှိသည်။ အုံကောင်းပါက အနည်းဆုံး ငါးပိဿာမှ ခြောက်ပိဿာ၊ ထို့ထက်မက ဆယ်ပိဿာအထိ ပျားရည်ရနိုင်ပေသည်။ ချိပ်ရရှိသည်။ ထို့ကြောင့် ချိပ်ပျားဟုခေါ်ကြသည်။ အထက်ဖော်ပြပါ ပျားအောင်းအုံများတွင် လက်ညှိုးအရွယ်ပမာဏရှိသော ပျားရည်ထွက်ရာ ပျားလဘို့များကို သလဲသီးလို အကန့်လိုက်၊ အကန့်လိုက် တွေ့ရပြီး ကနဦးကဖော်ပြသကဲ့သို့ပင် အချိုရည်၊ အခါးရည်၊ အချဉ်ရည်၊ အဖန်ရည်တို့ သူ့အရသာအလိုက်ပါရှိသော ပျားရည်များကိုတွေ့ရသည် ဟု ဝါရင့်ပျားဖွပ်သမားကြီးတို့က သူတို့၏ပျားဖွပ်လုပ်ငန်းအရ အတွေ့အကြုံများကို ပြောပြ၍ နားထောင်ရသည်မှာ ဗဟုသုတလည်းရရှိပြီး စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။
အလားတူပင် မိုးကုတ်မြို့တွင် တောင်ပေါ်ကျောက်တူးသွားခဲ့စဉ်က သစ်ပင်၏ အမြင့်ပေါ်တွင် လှည်းဘီး အရွယ်ရှိ ပျားအုံကြီးတစ်အုံတွေ့ခဲ့ရာ ခဲရာခဲဆစ် ပျားဖွပ်ခဲ့ရပုံ၊ ပျားရည် တစ်စဥ့်အိုးခန့် ရရှိခဲ့ပုံများလည်း ဝေဝေဆာဆာ ပြောပြသည်ကိုလည်း မှတ်သားရသည်။
ပျားရည်စစ် မစစ်
စာရေးသူသည်
ပျားဖွပ်သမားများနှင့်တွေ့ရာတွင် ပျားရည် အကြောင်း ပျားဖွပ်လုပ်ငန်း
အကြောင်း အမှတ်တရများ မေးမြန်းလေ့ရှိသည်။ ကြိုးကြာကန်ရွာမှ
ဦးသောင်းလှိုင်နှင့် ကြာကန်ရွာမှ ပျားဖွပ်သမားများအား မေးမြန်းပြီး
အင်တာဗျူးလုပ်ခဲ့ရပါသည်။ ကိုမောင်ဇော်ဆိုသူ ပျားဖွပ်သမားတစ်ဦးအား
ပျားရည်စစ်မစစ် ဘယ်လိုသိရမလဲ ဟု မေးရာ ''လွယ်ပါတယ်ဗျာ၊
ကိုယ်တိုင်ပျားဖွပ်ကြည့်ပါ'' တဲ့။ သူ့အဖြေက ရယ်စရာပင်။ဦးသောင်းလှိုင် အပြောအရကတော့ ပျားရည် စစ်မစစ်ကို ဆော်ဒါနဲ့ ပျားရည်နဲ့ စမ်းသပ်လို့ရတယ်။ ပျားရည်စစ်က စေး ခဲ၊ ထွေးလုံး။ မစစ်ပါက အရည်ပျော် သည်ဟုသိရသည်။
နှစ်ချို့သည်မရှိ။ ။ ပျားရည်စစ်စစ် ပုလင်းကို နေပူထဲထားပါက ကြာသော် ပုလင်းကွဲသွားတတ်ပါသည်။ ပုလင်းထဲ ကြာရှည်ထည့်ပြီး နေပူ မလှန်းသင့်ဟု ဆိုသည်။ ပျားရည်စစ်စစ်ကို ရေသာ မပါပါစေနှင့်။ နှစ်နှစ်၊ သုံးနှစ် ထားရသည်။ သဘာဝပျားရည် အစစ်သည် အနံ့မွှေးပြီး အရသာချိုပါသည်။ ပျားရည်စစ်စစ် ဈေးကွက်သည် တစ်နှစ်ထက်တစ်နှစ်မတူ ဈေး မြင့်လျက်ရှိသည်။ စားသုံးသူများပြားလာသောကြောင့် ဖြစ်သလို ရှားပါးသောကြောင့်လည်းဖြစ်သည်။ ပျားရည်စစ်စစ်မှာ အရသာပျောက်သည် မရှိပါ။ မှိုတက်သည်လည်း မရှိပါဟု သိရသည်။
ပျားရည်နှင့်ပတ်သက်၍ ပြောမကုန်။ ရေးမကုန်နိုင်တော့ပါ။ မိမိတို့ဒေသ အတွေ့အကြုံများရှိကြပါလိမ့်မည်။ နိုင်ငံတကာ ဈေးကွက်တွင် ပျားရည်သည် အရည်အသွေးမီသောကြောင့် မျက်နှာပန်းပွင့်နေကြောင်း ဈေးကွက် ဒေါ်ခင်မျိုးသွယ်၏ သတင်းအရလည်းသိရသည်။ ပြည်တွင်းမှာလည်း အသုံးများနေသည်။ ပျားရည်ထွက်ကုန် ရရှိစေရန်မှာ တစ်ခုတည်းသော နည်းလမ်းသာရှိသည်။ ပျားများနေထိုင်ရန် လေ၊ ရေ၊ ရာသီ ဥတု၊ သစ်တောသစ်ပင် တို့သာဖြစ်သည်။ စာရေးသူတို့ မြန်မာနိုင်ငံတွင် လေကောင်းလေသန့်၊ ရေကောင်း ရေသန့်ရှိသည်။ သစ်တော၊ သစ်ပင်များ ရှိဖို့သာ လိုသည်။
မြောင်းပိတ်၊ ချောင်းပိတ်၊ ချောင်းရေ၊ တောင်ကျရေ၊ စိမ့်ရေ၊ စမ်းရေ၊ ကန်ရေတို့ရှိရန် သစ်တောသစ်ပင်များ လိုအပ်သည် မဟုတ်ပါလား။ သစ်တောသစ်ပင်များ ပြုစုထိန်းသိမ်း ထပ်မံတိုးချဲ့ စိုက်ပျိုးခြင်းအားဖြင့် ပျားတို့ကမ္ဘာတွင် နေစရာ ထိုင်စရာရပေပြီ။
စာရေးသူ၏ ဤဆောင်းပါးကို နိဂုံးချုပ် လိုရင်းကိုတင်ပြရသော် ဈေးကွက်တွင် ဆက်လက် ခိုင်မာနေသော မြန်မာ့ပျားရည် ဈေးကွက်အတွက် လည်းကောင်း၊ ပြည်တွင်းစားသုံးမှုအတွက် လည်းကောင်း၊ ပျားရည်စားသုံးမှုကို တောင်းဆိုနေပြီဖြစ်ပေရာ လိုအပ်ချက်ဖြည့် ဆည်းပေးနိုင်ရန် သစ်တောသစ်ပင် စိုက်ပျိုးခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုစုခြင်း၊ သစ်တောဧရိယာများ ဆက်လက်ရှင်သန်ရေးအတွက် ဆောင်ရွက်သင့်၏။ ပျားနှင့် သစ်တောသစ်ပင်၊ သစ်တောသစ်ပင်နှင့် ပျားသည် အမြဲ ဒွန်တွဲနေပေရာ သစ်တောသစ်ပင် စိမ့်ရေ၊ စမ်းရေ၊ ကန်ရေများ ဆက်လက်ထိန်းသိမ်း ပြုစုစောင့်ရှောက်ရန် သတိတရားရှေ့ထား ပညာနှင့်ကပ် မနားမနေ လုပ်ဆောင်ကြရန် တိုက်တွန်းလိုက်ရပေသတည်း။
-----------------
ဈေးကွက်ဂျာနယ် zaygwet.com/business.php?id=27 မှ ဆောင်းပါးကို ကူးယူ ဖော်ပြသည်။
Credit : http://blog.irrawaddy.org/2012/09/blog-post_12.html?m=1
No comments:
Post a Comment