“လေပူ” ဆိုသော စကားကို အနောက်တိုင်း ဆရာဝန်များအဖို့ ဆေးပညာ ဝေါဟာရ မရှိပါ။ မြန်မာလူမျိုးများ အဖို့မှာ လူတိုင်းသိသော စကား ဖြစ်ပါသည်။ “လေပူထလို့၊ လေပူတွေ အထက်လှန်လို့၊
လေပူထပြီး အာခေါင်တွေ ခြောက်လို့၊ လေပူလှန်ပြီး အာသီးရောင်လို့၊ အစာအိမ်မှာ လေပူထလို့၊ လေပူလှန်ပြီး သွားဖုန်းတွေ ကြွလို့၊ ကောက်ညှင်းပေါင်း စားပြီး လေပူထလို့၊ ပုစွန်ခြောက်တွေ စားပြီး လေပူလှန်ပြီး ကြို့ထိုးလို့၊ နှလုံးအပူရိုက်ပြီး မောလို့၊ လေပူထပြီး နှလုံးတွေတုန်လို့” စသော စကားလုံးများမှာ အရပ်ထဲတွင် ကြားနေကျ စကားလုံးများ ဖြစ်ပါသည်။ တလောက သူငယ်ချင်း ဆေးပညာ မဟာသိပ္ပံဘွဲ့ ရထားသော ဆရာဝန်ကြီးတစ်ဦးကို “လေပူ” အကြောင်း ပြောပြပြီး သူငယ်ချင်းတို့ အနောက်တိုင်း ဆေးပညာ အယူအဆမှာ ဘယ်လိုကြောင့် ဖြစ်နိုင်သလဲဟု မေးရာ သူက “အစာအိမ်မှာ အက်ဆစ်ရည် (HCL) အထွက်များရာကနေပြီး အငွေ့ပျံလာတဲ့ အက်ဆစ်ငွေ့ပေါ့ကွာ၊ Gas Flatulance လို့ ပြောနိုင်တာပေါ့" သူရှင်းပြသော သဘောအရ အစာအိမ်အတွင်းတွင် အက်ဆစ် အချဉ်ရည်များ လွန်ကဲပြီး အငွေ့ပျံကာ အပေါ်သို့ တက်ခြင်းဖြစ်သည်။
ရေနံတွင်းများတွင် gas ထွက်သကဲ့သို့ အစာမျိုပြွန်မှ လည်ချောင်း၊ အာခေါင်၊ နှုတ်ခမ်း၊ လျှာ၊ သွားဖုံးများအထိ တက်လာမည်။ လောင်ကျွမ်းမည်။ ဒေသနာ ဆေးပညာတွင် လေမျိုးရှစ်ဆယ်ဟု ဆိုကြသော်လည်း အဓိကမှာ ဥဏှတေဇောကြောင့်ဖြစ်သော ဥဏှဝါယော (လေပူ) သာလျှင် လူကို မနေနိုင်အောင် ဒုက္ခပေးသော လေမျိုး ဖြစ်သည်။ တစ်ခါက ကိုယ်တွေ့ ဖြစ်ရပ်တစ်ခုကို ပြောပြချင်ပါသည်။ စာရေးသူ၏ သမီးအလတ်လေး ဖျားပြီး ဗိုက်ဖောင်းလာသဖြင့် ကလေးအထူးကု ဆရာဝန်ကြီးတစ်ဦးနှင့် ပြသည်။ ထိုဆရာဝန်ကြီးက ဝမ်းကိုက်ပိုး စစ်ခိုင်းသည်။ ဝမ်းကိုက်ပိုး မတွေ့။ အူပိတ်သည် ထင်သဖြင့် ခွဲစိတ်ဆရာဝန်ကြီး တစ်ဦးထံ သွားခိုင်းပြန်သည်။ ထိုဆရာဝန်ကြီးက လက်အိတ်ဖြင့် သမီးလေး၏ စအိုပေါက်ကို နှိုက်ကြည့်သည်။ ဝမ်းများ ထွက်ကျလာသဖြင့် သူက လက်အိတ်ကို ချွတ်ပြီး “အူတော့ မပိတ်ပါဘူး။ အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုနဲ့ ဆက်ပြပါ” ဟု ပြောသည်။ စာရေးသူက “ဆရာကြီး ကျွန်တော် ဗမာလေဆေး တိုက်လို့ ရမလား” ဟု မေးကြည့်ရာ “မရဘူးဗျ၊ ဗမာလေဆေးတွေ မတိုက်နဲ့၊ သူတို့က တစ်ဆိတ်ရှိ လေ၊ လေပဲ ပြောနေတာ။ လေဆိုတာ မြင်ရလို့လား” ဟု ပြောပါသည်။ ကိုယ်တွေ့ ဖြစ်ပါသည်။
ထိုဆရာဝန်ကြီးသည် စာရေးသူကို တိုင်းရင်းဆေးသိပ္ပံဆင်း ဆရာမှန်း မသိပါ။ နောင် ၃ နှစ်ခန့်အကြာတွင် ထိုဆရာဝန်ကြီးသည် လေဖြတ်ပြီး ပါးရွဲ့သွားကြောင်း စိတ်မကောင်းစွာ ကြားသိရပါသည်။ ပါးရွဲ့ခြင်းသည် ဦးနှောက်အတွင်းမှ တိုက်ရိုက်ဆက်သွယ်သော နံပါတ် (၇) နာဗ် (Nerve) ကြောမကြီး ရောင်ရမ်း၍ ဖြစ်သည်ဟုသာ ထိုဆရာဝန်ကြီး သိမည်ထင်ပါသည်။ အာရုံကြောအတွင်းမှ လေကို ဆရာဝန်ကြီး မြင်နိုင်မည် မထင်ပါ။ စာရေးသူ၏ ညီမဖြစ်သူကလည်း မေ့ဆေးဆရာဝန်ကြီးဖြစ်ပြီး သမီးတူမ ဖြစ်သူကလည်း ဆရာဝန်မလေး ဖြစ်သဖြင့် “လေ” နှင့် ပတ်သက်သော ရိုးရာဆေးပညာ မြန်မာဆေးပညာ အယူအဆများကို သူတို့ ဆေးပညာနှင့် အမြင်ချင်းတူအောင် မကြာခဏ
ညှိယူခဲ့ပါသည်။ ခက်သည်က အနောက်တိုင်း ဆေးပညာမှာ လေကို အဓိကထားပြီး သင်ကြားခဲ့သော ဆေးပညာမဟုတ်။ ခန္ဓာဗေဒတွင် ဆဲလ်များ တည်ဆောက်ပုံနှင့် ရောဂါဗေဒတွင် ပိုးကိုသာ အဓိကထား သင်ကြားခဲ့သော ဆေးပညာဖြစ်သဖြင့် လေဆိုလျှင် ကားတာယာအတွင်းမှ ကျွတ်တွင်ထိုးသော လေကိုသာ သူတို့မျက်စိတွင် မြင်နေခြင်းက ပြဿနာ ဖြစ်နေလေသည်။
အာယုဗ္ဗေဒ ဆေးပညာတွင် လေသည် ရာဇဂုဏ် ရှိသဖြင့် လူကို သတ်ရာတွင် ပိုးထက် ဆိုးသည်။ ပိုးဝင်လျှင် ရက်ကြာမှ သေမည်။ လေသင်ဓုန်းဖြတ်လျှင် တစ်ချက်တည်း၊ ချောင်းတစ်ဟန့် ကွမ်းတစ်ထွေး တစ်ပျစ် အချိန်မှာပင် အသက်ပါသွားနိုင်လေသည်။ တိုင်းရင်းဆေး ဆရာများတွင်လည်း အားနည်းချက်မရှိ မဟုတ်ပါ။ “ပိုး” ကို မသင်ရသော အားနည်းချက် ရှိပါသည်။ ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးများ အသေးစိတ် ခွဲခြားပြီး မသိကြပါ။ အူသိမ်အူမအတွင်း မှီခို စားသောက်နေသော ပိုးမျိုးရှစ်ဆယ် ရှိသည်ဟူ၍သာ အကြမ်းဖျင်း သိကြသည်။ ထိုကဲ့သို့ပင် အနောက်တိုင်း ဆေးဆရာဝန်တို့တွင်လည်း လေနှင့် ပတ်သက်၍ မသိသော အားနည်းချက် ရှိကြမည် ထင်ပါသည်။ လောကတွင် မည်သည့်ပညာမဆို အားနည်းချက်၊ အားသာချက်များ ရှိစမြဲပင် ဖြစ်ပါသည်။ “သဒ္ဒါလွန်တော့ ကွန့်၊ ပညာလွန်တော့ ဆွံ့” ဆိုသော စကားမှာ အမှန်ပင် ဖြစ်ပါသည်။ ပညာရှိလာလေ၊ မသိတာတွေ များလာလေ ဖြစ်သဖြင့် နှုတ်ဆွံ့အသွားခြင်းကြောင့် ပညာလွန်တော့ ဆွံ့ (ဆွံ့အ) သွားသည်ဟု တင်စားပြောခြင်း ဖြစ်ပါသည်။ ကိုယ်မတတ်သော သူများပညာကို အရမ်းမဲ့ မဝေဖန်ခြင်းသည် ပညာရှိအလုပ် ဖြစ်ပါသည်။ လေပူနှင့် ပတ်သက်၍ ဆက်လက် ပြောပြလိုပါသည်။
တစ်ခါက ဆေးကျောင်း Final Part II ကျောင်းသူတစ်ဦး စာရေးသူ၏ ဆေးခန်းသို့ လာပြပါသည်။ သမီး ဆရာဝန်မလေးက ခေါ်လာခြင်း ဖြစ်ပါသည်။ သူ့ပါးစပ်အတွင်းမှာ ချိုင့်ခွက်ကဲ့သို့ ပေါက်နေသော အနာငယ်လေးများကို ပြသည်။ လျှာဘေးမှာလည်း ရှိသည်။ ဆရာဝန်ကြီးများက စိတ်ပူပန်မှုကြောင့် ဖြစ်သော အနာ Stress Ulcer ပြောကြောင်းနှင့် ခရမ်းပြာဆေး တို့ခိုင်းကြောင်း၊ စာမေးပွဲနီးတိုင်း ဤအနာများ ပေါက်ကြောင်း ပြောပါသည်။ ယခုတစ်ကြိမ်မှာ ပို၍ အနာများသည်။ အစာ အပူအစပ် လုံးဝ မထိရဲ။ ဆရာဝန်ကြီးတစ်ဦးမှ ပရက်ဒီစလုံးဆေးပေးကြောင်း ထိုဆေးမှာ Side Effect အလွန်များသဖြင့် မသောက်ရဲကြောင်း၊ တိုင်းရင်းဆေးနှင့် စမ်းကုလို၍ လာပြခြင်း ဖြစ်သည်။ စာရေးသူသည် ဆေးကျောင်းသူတစ်ဦးကို မြန်မာဆေးများ စမ်းပြီး မပေးလိုပါ။ ယုံကြည်မှုအပြည့် မရှိဘဲ အစမ်းသဘောမျိုး သောက်ကြည့်ချင်သူကို ဆေးမပေးလိုပါ။ ထို့ကြောင့် ဆေးမပေးဘဲ ဓာတ်စာသာ ပေးပါမည်။ စမ်းစားကြည့်ပါဟု ပြောပြီး ငှက်ပျောသီး ဖီးကြမ်း ဓာတ်စာ ပေးပါသည်။ ငှက်ပျောသီး ဖီးကြမ်းအမှည့်ကို ဆေးဆိုး မဖြစ်စေရ။ ပင်မှည့် (သို့) အုပ်မှည့်ကို ဝယ်ခိုင်းပါသည်။ ထိုငှက်ပျောသီးကို မီးဖုတ်ပြီး ပူပူလေး စားခိုင်းပါသည်။
ဖီးကြမ်းငှက်ပျောသီး အခွံအတွင်းမှ အသား (အမြှေး) အမျှင်များမှာ လေပူကို နိုင်ပြီး ပါးစပ်အနာ၊ အစာအိမ် အနာများကို ပျောက်ကင်းစေနိုင်ပါသည်။ ဖီးကြမ်းငှက်ပျောသီး စားသူများမှာ ထိုဆေးဖက်ဝင်သည့် အမျှင်အသားများကို အခွံခွာပြီး မစားမိဘဲ လွှတ်ပစ်လိုက်ကြပါသည်။ ငှက်ပျောသီးမှည့်ကို မီးဖုတ်၊ မီးကင်သောအခါ ထိုအမြှေးများသည် ပျော်ပြီး ငှက်ပျောသီးအသားနှင့် ပေါင်းစပ်သွားသဖြင့် မီးဖုတ်စားခိုင်းခြင်းဖြင့် ပါးစပ်နှင့် အစာအိမ် အနာများကို သက်သာစေနိုင်လေသည်။ ပဲခူးရိုးမတွင် ဝါးခုတ်သည့် ကရင်လူမျိုးများသည် ဖီးကြမ်းငှက်ပျောသီး အစိမ်းများကို ဟင်းချက်စားလေ့ ရှိကြသည်။ ငရုတ်သီးစိမ်းထောင်း အနည်းငယ်၊ ငါးပိ အနည်းငယ်နှင့် ငှက်ပျောသီးစိမ်း၊ ငှက်ပျောဖူး၊ ငှက်ပျောအူတိုင်တို့ကို ရောချက်သည့် ဟင်းကို တာလပေါဟင်းဟု ခေါ်ကြလေသည်။ လွန်ခဲ့သော နှစ် ၂၀ ခန့် (၁၉၉၂ ခုနှစ်) က အိန္ဒိယနိုင်ငံရှိ အာယုဗ္ဗေဒ ဆေးတက္ကသိုလ်ကြီးမှ ငှက်ပျောသီးဖီးကြမ်း အစိမ်းနှင့် အစာအိမ်ရောဂါ ရှိသူများကို စမ်းသပ် ကုသပေးခဲ့ဖူးသည်။
အထူးသဖြင့် အစာအိမ်နံရံတွင် အချွဲအမြှေး မရှိသဖြင့် ဗိုက်နာ ဗိုက်အောင့်သူများ၊ အစာအိမ်ရောဂါ ရှိသူများ၊ အူသိမ်ပိုင်း အနာရှိသူများကို ဘစ်စမတ်ခေါ် အစာအိမ်ဆေး ပေါင်ဒါမှုန့်နှင့် ကုသူများနှင့် ငှက်ပျောသီးဖီးကြမ်း အမှုန့်ကို ဆေးတောင့် (Capsule) ထည့်၍ မသိအောင် ပေးပြီး တိုက်ကျွေးသူ လူပေါင်း ၁၀၀ ကို စမ်းသပ်ခဲ့ရာ ဖီးကြမ်းအမှုန့်နှင့် ကုသသူ ၈၀ မှာ အစာအိမ်ဝေဒနာ ခံစားနေရခြင်းမှာ ပျောက်ကင်းသက်သာကြောင်း စမ်းသပ် တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ အစာအိမ်ရောဂါ၊ လေပူရောဂါ၊ လေအထက်လှန်ရောဂါ၊ လည်ချောင်းနာ၊ အာသီးရောင်ရောဂါ၊ သွားဖုန်းကြွ သွားနာရောဂါ ရှိသူများ ထို့အပြင် နှလုံးလေပင့်၍ မောသူ၊ သွေးတိုးရောဂါ ရှိသူများအတွက် ဖီးကြမ်းငှက်ပျောသီးသည် ဓာတ်စာလည်းဖြစ်၊ ဆေးလည်း ဖြစ်ပါသည်။ ပုံမှန်အတိုင်းသော် လည်းကောင်း၊ အစိမ်းကို ဟင်းချက်၍သော် လည်းကောင်း စားသုံးကြည့်ပါ။ နှစ်ရှည်ဖြစ်နေသော အစာအိမ်နာသာမက လေးဘက်နာ၊ နှလုံးရောဂါ၊ လေကြောင့်ဖြစ်သော ခေါင်းကိုက်၊ ခေါင်းအုံ မူးဝေသော ရောဂါများအပြင် နှစ်ရှည် စွဲစားလျှင် သွေးတိုးရောဂါကိုပါ ပျောက်ကင်းစေပြီး လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြော ပြတ်ခြင်းများကိုပါ ကာကွယ်နိုင်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။
ကြည်လွင်မြင့် (မုဒြာ)
Ref: Shade The Mandalay Hill
Source: http://news.yatanarpon.com.mm/news/article-59401
Credit : http://nyamintharlay.blogspot.co.uk/2012/06/blog-post_5027.html
No comments:
Post a Comment