အညာသားပြီပြီ
ကျနော် သနပ်ခါးသိပ်ကြိုက်ခဲ့တာ ။ နောက်တော့လည်း ယောက်ျားလေးဆိုတော့
သနပ်ခါးနဲ့ဝေး သွားခဲ့တယ် ။ ဒါပေမယ့် ဟိုတလောကမှ သူငယ်ချင်းအစ်မ
တစ်ယောက်နဲ့ စကားစပ်ရင်း သနပ်ခါးအကြောင်း ရောက်သွား မှ ဒါလေးအကြောင်း
ခံစားကြည့်ဦးမယ် ဆိုပြီးရေးကြည့်မိခဲ့တာ ။ သူကိုယ်တိုင် ကလည်း ကျနော်ကို
သနပ်ခါးတစ်တုံး လက်ဆောင်ပေးလို့ တော်တော်ကြီးကို မေ့နေခဲ့တဲ့
သနပ်ခါးလိမ်းရတဲ့ အရသာကိုရော ၊ သနပ်ခါးရနံ့ကိုရော ပြန်သတိရသွားစေခဲ့တာ ။ (
အစ်မကိုလည်း သိပ်ကျေးဇူးတင်ပါတယ်။)
ကျတော်တို့
သည်မှာတော့ သနပ်ခါးလိမ်းတဲ့သူ ကိုတွေ့နိုင်ဖို့အတော့်ကို ရှားတာ ၊
မြန်မာအမျိုးသမီး စစ်စစ်တွေကိုယ်တိုင် သနပ်ခါးကိုကျောခိုင်းကျတော့
သနပ်ခါးရနံ့ဆိုရင် မူးလို့ရှုစရာကိုမရှိတာပါ ။
ကျတော့်
ယောက်ျားလေးသူငယ်ချင်း တစ်ယောက်ကတော့ ကျတော်သနပ်ခါးလိမ်းမယ် ဆိုတော့
အသားမည်းတဲ့ကျတော့်ကို “သနပ်ခါးလိမ်းရင် မင်းအသားနည်းနည်းဖြူလာမှာပေါ့ကွ”
ဆိုပြီးစတော့တာပဲ (အေးလေ… သူကတော့ တရုတ်ဆိုတော့
ခရုသင်းစွဲတယ်ထင်ရလောက်အောင် ကိုဖြူတာ :D ) ။ သူကတော့ “ရန်ကုန်သူ”
သီချင်းကို ဖျက်ဆိုပြီးတော့တောင် ကျတော့်ကိုနောက်နေသေးတယ် ။ ဘာပဲပြောပြောလေ
ရန်ကုန်သူ ဖြူဖြူနုနုလေးတွေပဲဖြစ်ဖြစ် ၊ အညာသူ ညိုပြာညက်တွေပဲ ဆိုဆို
သနပ်ခါးလိမ်းထားတဲ့ မိန်းကလေး တစ်ယောက်ဟာ လှတာပဲ မဟုတ်လား ။ ခံစားကြည့်ပါ ။
ဝေးခဲ့ရသူမို့
ချစ်သူ့ပါးနုနု
ကို ပထမဆုံးနမ်းခွင့်ရခဲ့တုန်းက ယစ်မူးသွားစေခဲ့တဲ့ အနောက်တိုင်း
မိတ်ကပ်နံ့ကို ရင်ခုန်စွာ ပြန်လည်အောက်မေ့ရင်း အဖွားရဲ့ပါးက
သနပ်ခါးနံ့ကြူကြူကို သူသတိရမိခဲ့တယ် ။ နောက်ပိုင်းတစ်လျှောက်လုံး သနပ်ခါနံ့
သင်းသင်းလေးကို သူ့ခမျာ လွမ်းနေရဆဲဖြစ်သည်။
ဟုတ်ခဲ့သည်ပဲလေ
။ သူ့အဖွားအညာသူကြီးက သနပ်ခါးသိပ်ကြိုက်ခဲ့တာမဟုတ်လား ။
ရေကြဲကြဲနဲ့သွေးထားတဲ့ သနပ်ခါးကို သူငယ်ငယ်တုန်းကဆို
နံနက်မျက်နှာသစ်ပြီးတိုင်း သူ့အဖွားကိုယ်တိုင်လိမ်းပေးနေကြ ။
သနပ်ခါးလိမ်းပေးတိုင်းလည်း ရှေးလူကြီးများ ထုံးစံ `ဗုဒ္ဓံသရဏံ ဂစ္ဆာမိ´ ၊
`ဓမံ္မသရဏံ ဂစ္ဆာမိ´ ၊ `သံဃံသရဏံ ဂစ္ဆာမိ´ လို့ သရဏဂုံ (၃) ပါးရွတ်ဆိုပြီး
နဖူးနဲ့ ပါးတစ်ဖက်တစ်ချက်စီက စပြီးလိမ်းပေးနေကျ။ သူကလည်း
သနပ်ခါးနံ့မွှေးမွှေး ၊ အသားတအေးအေးနဲ့ နေရတာကို သိပ်သဘောကျခဲ့တာ ။ ဒါပေမယ့်
ဆောင်းနံနက်ခင်းတွေကျရင်တော့ အဖွားနဲ့စိတ်ကောက်မြဲ ။ အညာရဲ့ဆောင်းရဲ့
နံနက်ခင်းအေးအေးနဲ့ သနပ်ခါးရေနဲ့ အေးမြတဲ့ အထိအတွေ့ဟာ
မျက်နှာတစ်ပြင်လုံး
ထုံထက်သွားအောင်အေးတာမဟုတ်လား ။ အဖွားကတော့ ဆောင်းမှာ
သနပ်ခါးလိမ်းရင်အသားမပတ်ဘူးဆိုပြီး အတင်းလိမ်းပေးနေကျ ။
သူ့အမေကျတော့လည်း
သနပ်ခါးကို ထူပိန်းနေအောင်လိမ်းတတ်သူပင် ။ အညာနေပူကြဲကြဲမှာ
စက်ဘီးနင်းပြီး ကျောင်းကပြန်လာလို့ ချွေးဒီးဒီးကျသည့်တိုင် သနပ်ခါးကတော့
မပျက်ပေ။ အမေကျောင်းကပြန်လာ လို့ သူ့ကိုချီပိုးတိုင်း
ချွေးနံ့ရောနေသည့်တိုင် သနပ်ခါးနံ့ကတော့ သင်းမြဲ။ သူငယ်ငယ်တည်းက
သည်လိုမွှေးအနံ့တွေကို ရင်နှီးခဲ့သည်လေ ။ သူ့ကိုတစ်ခါတစ်ခါ
အမေကိုယ်တိုင်သနပ်ခါးလိမ်းပေးရင်တော့ သူ့နည်းနှင့်သူ
ခပ်ပျစ်ပျစ်လေးသွေးလို့ ထူထဲနေအောင်လိမ်းပေးမြဲ ။ အရေပြားတွေ
ကျစ်မာသွားသယောင်ခံစားရအောင်ထိကို ထူထူလိမ်းပေးခဲ့တာ သူမှတ်မိသည်။
နံနက်
မျက်နှာသစ်ပြီးတစ်ကြိမ် ၊ ရေချိုးပြီးတစ်ကြိမ်
သနပ်ခါပါးကွက်ကြားလေးကွက်ပြီး နေခဲ့ရသည့် ကလေးဘ၀နေ့တွေမှာ
သူပျော်ခဲ့ဖူးတာပဲ။ နောက်အဝေးမှာ အလုပ်သွားလုပ်နေရတဲ့
သူငယ်ငယ်ကသိပ်မမှတ်မိတတ်တဲ့ အဖေပြန်လာတိုင်း နှုတ်ဆက်နေကြ `အား…ပါ….
အဖေ့သားကြီး ကသိပ်မွှေးပါလား´ ဆိုပြီး ပွေ့ဖက်နမ်းရှုံ့ရင် သူ့အဖေကို
ပြန်မှတ်မိသွားတတ်ခဲ့ တာပဲလေ။ မှတ်မှတ်ရရ သူ့အဖေပထမဆုံး ၀ယ်လာတဲ့
ကင်မရာတစ်ပတ်နွမ်းလေးနဲ့ ပြန်လာတဲ့နေ့က သနပ်ခါးပဲကြား ပါးကွက်ကြားလေးနဲ့
ရေချိုးပြီးစ ကွပ်ပစ်ပေါ်မှာ ထိုင်နေခဲ့တုန်းပေါ့။ အဲသည်မှာပဲ
သူကျုံ့ကျုံ့လေးထိုင်ပြီး ပြုံးနေတဲ့ ပုံလေးကို အဖေရိုက်ပေးခဲ့တာ ။
နောက်ကူးပြီးတော့လည်း ပုံလေးက သိပ်လှတာဆိုပြီး သူ့အဖေက Wallet ထဲမှာ
အမြဲဆောင်ထားနေကျ ။ နောက်တော့ စဉ်းစားကြည့်မိသမျှ
ရိုက်ခဲ့သမျှဓာတ်ပုံတွေထဲမှာ အဲသည်ပုံလေးကအလှ ဆုံး သဘာဝအကျဆုံးပဲမဟုတ်လား ။
+++++++
တကယ်တကယ်တော့
သူတို့မြို့လေးကိုယ်တိုင်ကလည်း သနပ်ခါးနဲ့ မစိမ်းလှပါ ။ မြို့ကလေးရဲ့
ဈေးထဲမှာ သနပ်ခါးဆိုင်တွေလည်း အများကြီး၊ သနပ်ခါးဟာလည်း မြို့လေးရဲ့
အရေးပါတဲ့ စီးပွားရေး ထွက်ကုန်တစ်ခု ၊ နောက်မြို့ကလေးသူ ညိုပြာညက်တွေရဲ့
ပါးပြင်နဲ့ သနပ်ခါး ဆိုတာလည်း ခွဲလို့ရနိုင်ကောင်းတာမှ မဟုတ်ဘဲ ။
လက်လုပ်လက်စား အလုပ်သမ မှအစ မြို့မျက်နှာဖုံး သမီးအဆုံး သနပ်ခါးနဲ့
ကင်းတဲ့အညာသူဆိုတာ တကယ်ကိုမရှိတာပါ ။
ကလေးဘ၀က
သူကြားခဲ့ဖူးတဲ့ ကဗျာတွေ ၊ သီချင်းတွေထဲမှာရော အညာနဲ့ သနပ်ခါး
အကြောင်းဖွဲ့ ထားတာ တော်တော်များခဲ့ပါသည် ။ ``ရွှေဘို သနပ်ခါးတုံးများ
ရန်ကုန်လိမ်းဖို့ယူ ၊ ဘယ်လိုအသားမည်းမည်း ၀ါဝါညက်ညက်ဖြူ´´ ဆိုတဲ့ သီချင်းဟာ
သူ့အဖိုးလက်ထက်ကပေါ် ခဲ့တာဆိုပေမယ့် သူကလေးဘ၀ကျတော့
တစ်ကျော့ပြန်ဆိုတေးတွေကြားမှာ ခေတ်စားဆဲပါပဲ ။ သည်သီချင်းနဲ့ ပတ်သက်လို့
သူ့အဖွားပြောတတ်တဲ့ ``ဘယ်နှယ်တော် .. ရွှေဘိုသနပ်ခါးများ
နနွင်းရောင်တောက်တောက်နဲ့ ကျုပ်တို့ ရှင်မတောင်လောက် မကောင်းပေါင်၊
မက်လည်းမမက်စက်ပေါင်´´ ဆိုတဲ့ Comment ကိုတော့ ခုခေတ် “စိုးစန္ဒာထွန်း” ရဲ
့ပြန်ဆိုတေး ကိုနားထောင်ရသည့် တိုင် သူ့အတွက်မရိုးနိုင် ။ ကိုယ့်ဒေသစွဲ ၊
ဌာနေစွဲကြီးလှတဲ့ သူ့အဖွား ….. ။ ခုလို ဌာနေကို စွန့်ခွာပြီးနေရတဲ့
သူ့မြေးကို ခုနေများတွေ့ရင် ဘယ်လိုသဘောထားပါ့မလဲ ။ သူတွေးကြည့်ဖူး ပါသည်။
ဒါပေမယ့် သူငယ်ငယ်တုန်းကတော့ အမေ နဲ့ အဖွားပါးပြင်က သနပ်ခါးနံ့ကြူကြူ
ကိုနှစ်သက်စွာ ရှုရှိုက်ရင်း သူ့တို့အရိပ်မှာ အေးချမ်းစွာ မှီခိုခဲ့ဖူးပါသည် ။
+++++++
သူနည်းနည်းလူလားမြောက်လာသည်နှင့်အမျှ
သနပ်ခါးနဲ့ အမြဲထိတွေ့ရတဲ့ ဘ၀နဲ့ တဖြည်းဖြည်းဝေး ကွာလာခဲ့ရသည် ။ သူ့အဖေ
အလုပ်ရှိရာ အောက်ဘက် ``ပဲခူးတိုင်း´´ ကိုပြောင်းရွေ့လာကြရတာလည်း
တစ်ကြောင်းပါ ။အောက်ဖက်မှာအညာလောက်တော့ သနပ်ခါးမပေါ ။နောက် (၆) တန်း ၊ (၇)
တန်းအရွယ်မှာ သနပ်ခါးလိမ်းဖို့ ငြင်းဆန်တတ်ခဲ့ပြီ ။ သူ့ကိုကလေးလေးလို့
ထင်နေဆဲ အဖွားက ဘာလို့လဲလို့ မေးရင် ပျင်းလို့မလိမ်းချင်တာပါလို့
မရေမရာဖြေခဲ့တာပါ ။ နောက်တော့ သူ့မျက်နှာ က သနပ်ခါးကင်းလာတော့သည် ။
နောက်လူပျိုပေါက်အရွယ် မျက်နှာအသားကြမ်းလာတော့ ညည အိပ်ယာဝင်ခါနီးတိုင်း
သနပ်ခါးလိမ်းတတ်တာကလွဲ လို့နောက်ပိုင်းမှာ သနပ်ခါးဆိုတဲ့ အရာဟာ
သူနဲ့သိပ်ကိုဝေးကွာခဲ့ပြီ ။ သနပ်ခါးနဲ့ သူနဲ့ဟာလည်း သီလရှင်နဲ့ဘီးလောက်
ဝေးကွာခဲ့လေပြီ ။
နောက်ပိုင်းမှာတော့
သနပ်ခါးပင်တောင် မပေါက်နိုင်တဲ့ နိုင်ငံရပ်ခြားမှာ သူနေခဲ့ရတဲ့
နှစ်တွေအတော်ကြာပြီပေါ့ ။ အဖွားဆုံးပြီး နောက်ပိုင်း သနပ်ခါးလိမ်းဆဲဖြစ်တဲ့
သူ့အမေက လည်းသူနဲ့လိုက်မနေ နိုင်၊ သူ့ပတ်ဝန်းကျင်က
အသားဖြူမိန်းကလေးတွေဟာလည်း သနပ်ခါးနဲ့ဆက်စပ် တွေးကြည့်မိရင်
တော်တော်မအပ်စပ်ပါ ။ ဒါကြောင့်ခုချိန်ခါမှာ သူ့ချစ်သူ့ပါးမှ သနပ်ခါးနံ့ကို
မရခဲ့တာ သိပ်တော့မထူးဆန်းပါ ။
သူကဗျာတစ်ပုဒ်ကို မှတ်မိတယ် ။ “ငွေတာရီ” ရဲ့ကဗျာလေးပေါ့ ။
အညာစောင် သနပ်ခါးခေါက်နဲ့
ခရမ်းခြောက် ပုန်းရည်ညို
ထန်းညက် ချိုချို ။
ခင်အပျို
ငြိုငြင်နဲ့ စိတ်ထဲ ။
တို့များအညာမှာဖြင့်
ဂုဏ်ပကာ ပါဝါတက်ပါတဲ့
ထူးလက်ဆောင်ပဲ။
ဟုတ်ပါတယ်
။ သူ့အတွက်အညာပြန်တိုင်းရတတ်တဲ့ လက်ဆောင်ဟာ သနပ်ခါးပါ ။ ဆရာ သိန်းဖေမြင့်
ရဲ့ “အညာပြန်” ဆောင်းပါးရှည်ထဲက ချို့တဲ့ဆင်းရဲ့တဲ့ ဆွေမျိုးတွေကတောင်
လက်ဆောင်အဖြစ် သနပ်ခါးတုံးလေး တွေလက်ဆောင်ပေးတယ်ဆိုတာ
လုပ်ဇာတ်မဟုတ်ခဲ့ပေါင်ကွယ် ။ သူကိုယ်တိုင် ကျောင်းသားဘ၀တုန်းကလည်း
အညာကပြန်တိုင်း ကျောင်းဆရာမတွေကို သနပ်ခါးတုံး လက်ဆောင်ပေးရင်
ဝမ်းသာအားရလက်ခံပြီး ပေးသူဂုဏ်တတ်ခဲ့တာပဲလေ ။ ဒါပေမယ့် ခုချိန်မှာ
သူအညာကပြန်လာလို့ သနပ်ခါးတုံး လက်ဆောင်ပေးရင်တော့ သူ့ချစ်သူအပါအ၀င်
အားလုံးက သူ့ကိုဝိုင်းဟားကြလိမ့်မည် ထင်သည် ။ သူဒါတွေနဲ့ ဝေးခဲ့ရပြီ ။
လူဆိုတာ ပတ်ဝန်းကျင်နဲ့လိုက်စွာ ကျင်ကြံနေထိုင် တတ်ရမည် ဆိုတာကို
သူလက်ခံခဲ့ရတာ ကြာလှပြီပဲလေ ။
ဒါပေမယ့်
သူ့အိပ်မက်တွေမှာ ပါလာတတ်တဲ့ အဖွားရဲ့ ပါးပြင်ဟာလည်းသနပ်ခါးနံ့ သင်းဆဲပါ ။
သူပြန်အလာကိုအသေအချာ စောင့်နေမယ့် အမေ့ပါးမှာလည်း သနပ်ခါးတို့
ထူထဲစွာရှိနေမှာပါ ။ သူအညာပြန်ရင်လည်း သူ့ဆွေမျိုးတွေ ၊အသိတွေက
သနပ်ခါးလက်ဆောင်ပေးလိမ့်ဦးမှာလည်း အသေအချာပါ။ ဒါပေမယ့် ခုလောလောဆယ်မှာတော့
သနပ်ခါးနံ့သင်းသင်းကို သူတော်တော်လေးလွမ်းဆွတ်နေရပါသည် ။
အောင်ဖြိုး
(၁၇ ၊ ၁ ၊၂၀၀၈)
No comments:
Post a Comment