♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 26, 2016

" ဩစတြေးလျ လူငယ်တစ်ဦး မိကျောင်းဆွဲခံရသော်လည်း ကံကောင်းထောက်မစွာ လွတ်မြောက်လာ "

ဩစတြေးလျ ရေငန်မိကျောင်းတစ်ကောင်ကို တွေ့ရစဉ်
ဩစတြေးလျ ဆယ်ကျော်သက် လူငယ်တစ်ဦး မိကျောင်းဆွဲခံရသော်လည်း ကံကောင်းထောက်မစွာ သေဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးသည် မိသားစုနှင့်အတူ အပျော်တမ်း ငါးဖမ်းခရီးထွက်ရင်း ဩစတြေးလျ မြောက်ပိုင်း တောတွင်းတစ်နေရာတွင် ရွက်ဖျင်တဲထိုး အိပ်စက်နေစဉ် မိကျောင်းက ဝင်ရောက်တိုက်ခိုက်ကာ ၎င်း၏ ခြေထောက်ကို ကိုက်ခဲပြီး ရေစပ်ထဲ ဆွဲယူသွားခဲ့သည်။

ဧပြီ ၂၅ ရက် နံနက်အစောပိုင်း အရုဏ်မတက်မီတွင် ဖြစ်ပွားခဲ့သည့် မိကျောင်းတိုက်ခိုက်မှု အပြီးတွင် မိသားစုဝင်များသည် အနီးဆုံး ဆေးရုံသို့ ၂ နာရီခွဲနီးပါးမျှ ကားမောင်းပြီး လူနာကို တင်ဆောင်ခဲ့ရသည်။ ယခုအခါတွင်မူ ၎င်းသည် ဩစတြေးလျ မြောက်ပိုင်းဒေသ ဆေးရုံတွင် ကုသမှု ခံယူနေပြီ ဖြစ်သည်။

ဒါလီအရပ်တွင် ရေနှင့် ၁၅ မီတာမျှ အကွာ၌ စခန်းချ ရွက်ဖျင်တဲထိုးထားသည်ကို ၄ မီတာမျှ အရှည်ရှိသည့် တွားသွား သတ္တဝါကြီးက အလစ်ဝင်ရောက် ရန်ပြုခဲ့ခြင်း ဖြစ်သည်။ မိကျောင်းတိုက်ခိုက်ခံရချိန်တွင် အဆိုပါ လူငယ်မှာ မိသားစုနှင့်အတူ အိပ်မောကျနေခဲ့ကြောင်း သိရသည်။

ဒေသဆိုင်ရာ ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး တစ်ဦးက “လူနာက စကားပြောနိုင်ပါတယ်။ သူက ပြောပြတယ်။ မိကျောင်းဆွဲခံရတော့ သူလည်း ကြောက်လန့်တကြားနဲ့ ကန်ကျောက်ရုန်းကန်ခဲ့တယ်တဲ့။ လွတ်နေတဲ့ ခြေထောက် တစ်ဖက်နဲ့ မိကျောင်းကို ကန်ခဲ့တယ်လို့ ပြောပါတယ်။ တော်တော်လေး ကံကောင်းလို့ လွတ်မြောက်လာတာပဲ”ဟု မှတ်ချက်ပေးခဲ့သည်။

ကက်သရင်းထိ ကားမောင်းကာ ဆေးရုံတင်ပို့ခဲ့ပြီးနောက် ၎င်း၏ အခြေအနေမှာ စိတ်ချရပြီဟု ဆရာဝန်များက ဆိုသည်။ ခြေထောက်တွင် မိကျောင်းသွားရာများကြောင့် ပေါက်ပြဲနေပြီး လူနာမှာ တုန်လှုပ်လျက်ရှိကြောင်းလည်း
သိရသည်။ မိကျောင်း၏ သွားများတွင် ဘက်တီးရီးယား ပိုးမွှားများစွာ ရှိတတ်သဖြင့် ၎င်း၏ ဒဏ်ရာများကို ပိုးသတ်ကုသရန် ဦးစားပေး လုပ်ဆောင်လျက် ရှိသည်။

ဩစတြေးလျ မြောက်ပိုင်းဒေသတွင် ရေငန်မိကျောင်းများ ပေါများစွာ ကျက်စားနေထိုင်လေ့ ရှိသဖြင့် ရေနှင့်ဝေးဝေး နေကြရန် ဒေသဆိုင်ရာ အာဏာပိုင်များက သတိပေး ဆော်ဩထားသည်။

Ref: Guardian / 7day

Credit : http://www.lwinpyin.com/2016/04/blog-post_804.html

No comments:

Subscribe

လာလည်သူများ

free counters