ရောသမ ချစ်မိတ်ဆွေများ အတွက် ယခင်က လင့်သက်သက်သာပေးခဲ့တဲ့ "တာတေ ဂူဖောက်သူ" (ဝါ) ကိုယ်တွေ့ မဖဲဝါ (၂) ကို ပို့စ်အဖြစ်တင်ပေးလိုက်ပါတယ်....ချစ်ညီအစ်ကို
မောင်နှမ အများစုအနေနှင့် ဖတ်ပြီးသားဖြစ်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်....မဖတ်ရသေး
သော ညီအစ်ကို မောင်နှမများ အတွက် ရည်ညွန်းကာ တင်ပေးလိုက်ရခြင်း ဖြစ်ပါတယ်...အား
လုံးသော ချစ်မိတ်ဆွေများကို လေးစားလျက်..
ဆရာကိုပေသီးတစ်ယောက် တာတေ့မျက်စေ့အောက်မှာတင် မရှုမလှ ဖြစ်သွားခဲ့ရပြီးတဲ့နောက်တော့ တာတေလည်း တော်တော့်ကို ခြေငြိမ်သွားခဲ့တယ်.. ထနောင်းကုန်းမှာပဲ ရပ်ရေးရွာရေးလုပ်တယ်..
ရါာဦးက ရွှေတောင်ကုန်းဘုရားပွဲအတွက် ပြဇာတ်တွေတိုက်တယ်.. ဦးရွှေရိုးအက တိုက်ရတယ်.. ဒေါ်မိုးကနေကြ လှဖေက ရန်ကုန်ပြောင်းသွားလို့ ဒေါ်မိုးကမယ့် မိုးသီးကို အကသင်ပေးကြရတာ ဖတ်ဖတ်ကိုမောနေတာပါပဲဗျာ.. ထနောင်းကုန်းရွာဦးက ရွှေတောင်ကုန်းဘုရားပွဲဆိုတာ နှစ်စဉ်တပေါင်းလပြည့်ကျင့်ပနေကြဗျ.. လွှတ်စည်တဲ့ဘုရားပွဲပါဗျာ.. အနီးအနားက ဘန့်ဘွေးကုန်း၊ ငွေတွင်းကုန်းမပြောနဲ့ ဟိုးဆယ်မိုင်လောက်ဝေးတဲ့ လက်ပံလှတို့၊ ဆရာမနိုင်တို့ကတောင် ဦးရွှေရိုး ဒေါ်မိုးအက၀င်ပြိုင်တာဗျ.. တိုးနယားကပြိုင်ပွဲကလည်း လွှတ်လူကြိုက်များတာဗျ.. ဒုန်းလွှတ်ပွဲလည်းပါတယ်လေ.. နွားလှည်းပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပွဲ၊ ချောတိုက်တက်ပွဲ လောင်းကစားပွဲတွေကလည်း နားလည်မှုနဲ့ ခပ်ကြိတ်ကြိတ်လည်းပါသေးသဗျ.. ဒိုးပါတ်ပြိုင်ပွဲနဲ့ အိုးစည်ပြိုင်ပွဲကတော့ ညပိုင်းစင်ပေါ်မှာ လုပ်တာဗျ.. ဘယ်ကမှ ပွဲငှားစရာမလိုဘူး.. ကျုပ်တို့ဖာသာ စီစဉ်ပြီး ကကြခုန်ကြတာပါပဲဗျာ..
ဘုရားပွဲစခါနီး သုံးရက်လောက်အလိုဆိုရင် ဟိုရောက်ဒီရောက် ရောက်နေတဲ့ ကျုပ်တို့ရွာသားတွေလည်း ရွာမှာ အလျှိုလျှိုပြန်ပေါ်လာတာဗျို့.. မတွေ့တာကြာနေတဲ့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေ ပြန်တွေ့ကြရတဲ့ပွဲပေါ့ဗျာ.. တချို့လည်း မတွေ့တာကြာနေတော့ ပြန်တွေ့တဲ့အချိန်မှာ ဖက်ပြုငိုကြ၊ အလွမ်းသယ်ကြ၊ ညနေစောင်းတော့ ရွာတောင်ဖက်က ထန်းတောထဲရောက်သွားကြပေါ့ဗျာ..
အဲဒီနေ့က ကျုပ်လည်း ဘုရားပွဲအတွက် ကျုပ်တာဝန်ယူရမယ့် ကိစ္စတွေပြီးသလောက်ရှိသွားတော့ ဘယ်မှမသွားဘဲ အနားယူလိုက်ဦးမယ်လို့ တွေးပြီး အိမ်ဝိုင်း
ထဲက မန်ကျည်းပင်ကြီးအောက်မှာပဲ ကွပ်ပျစ်ပေါ် ဖျာကြမ်းခင်း ၀ါးပိုးခေါင်းအုံးပေါ် စောင်ခေါက်ကလေးခု၊ တုံးလုံးလှဲနေတာပေါ့ဗျာ.. လက်မှာကလည်း နဂါးဆေးပေါ့လိပ်ကလေးညှပ်လို့ ဖွာလိုက်ချထားလိုက်နဲ့ စည်းစိမ်ကလေး လုပ်မယ်ကြံရုံရှိသေး...
" အောင်မာ..တာတေ.. စည်းစိမ်ရစ်နေတယ်ပေါ့လေ.."
ဒီအသံကြားဖူးပါတယ်ဆိုပြီး ခေါင်းထောင်ကြည့်လိုက်တော့ ၀ိုင်းပေါက်မှာ မားမားကြီးရပ်နေတဲ့ ကိုဘစိန်ကြီးဗျ..
" ဟာ.. ကိုကြီးဘစိန် လာလေဗျာ.. ခင်ဗျားတောင်မှာ ရွာပြန်မရောက်တာ အတော်ကြာနေမှပဲ.. "
ခါးကြီးကိုင်းကိုင်းနဲ့ ကိုဘစိန်ကြီး ကျုပ်ဆီကို လျှောက်လာတယ်.. ကိုဘစိန်ကြီးက ကျုပ်ထက် ဆယ်နှစ်လောက်တော့ကြီးသဗျ.. ပိန်ပိန်ရှည်ရှည် ခါးကြီးကိုင်းကိုင်းနဲ့ သစ်သားပုန်းကလေး တစ်လုံးဆွဲပြီး ဆံပင်လိုက်ညှပ်တဲ့ ဆံသသမားလေ..ထနောင်းကုန်းတင် မကဘူး.. အနီးအနားရွာတွေမှာပါ ညှပ်ရသားဗျ.. သူကလည်း ကျုပ်လိုပဲလူစုံတစ်ယောက်ဗျို့.. သူနဲ့မတွဲဖူးတဲ့ သူသိပ်မရျိဘူး... အဲ.. ကျုပ်တို့ရွာကတော့ သူ့ကို ဆံပင်ညှပ်ခေါ်တာကလွဲရင် သိပ်ပြီး ဆေးဖော်ကြောဖက်မလုပ်ကြဘူးဗျ.. ဘာဖြစ်လို့လဲဆိုတော့ ကိုဘစိန်ကြီးမှာကလည်း လူရွံ့တဲ့အကျင့်ဆိုးက ရှိနေတယ်လေဗျာ.. တခြားတော့ မဟုတ်ပါဘူး.. ဘိန်းစားတာလေ.. ဘိန်းမဲကလေးတွေ မီးခြစ်ဆံခေါင်းလောက် လုံးထားတာဗျ.. သစ်သားမီးခြစ်ပုန်းကလေးနဲ့ထည့်လို့.. ဆီလေးတွေလည်း သုတ်ထားတော့ မဲမဲပြောင်ပြောင်အလုံးလေးတွေဗျ.. အဲဒီအလုံးကလေးတွေ ထုတ်ထုတ်ပြီး မျိုတာပဲဗျ...
" ငါက ရွာစဉ်လှည့်ပြီး ဆံပင်ညှပ်ရတာဆိုတော့ ဒါလေးစားမှ အပင်ပန်းခံနိုင်တာကွ.. ဘိန်းဆိုတာ ဆေးလိုသုံးရင် ဆေးဖြစ်တာပေါ့ကွာ.. တောင်ပေါ်က အထမ်းသမားတွေ သုံးတာကွ.. ၀န်ဆွဲတဲ့လားတွေကိုတောင် ကျွေးထားရတာ.. သစ်ဆွဲတဲ့ဆင်တွေကိုလည်း ဒါပဲကျွေးရတာကွ.. ဒါပေမယ့် လူတွေကတော့ ဘိန်းဆိုတာနဲ့ နှာခေါင်းရှုံ့ကြတော့တာပေါ့ကွာ.. ဒါကြောင့်လည်း ငါ့ကို ငါ့ကွယ်ရာမှာ ဘိန်းစားဘစိန်လို့ ခေါ်ကြတာပေါ့..ငါ ဆံပင်ညှပ်ကောင်းလို့သာ ငါ့ကိုခေါ်ကြတာကွ.. နို့မို့ဆိုရင် ငါ့ကို စကားတောင်ပြောကြမှာ မဟုတ်ဘူး တာတေရ.."
ကိုဘစိန်ကြီးက ခါးကြီးကိုင်းကိုင်းနဲ့ ၀င်လာပြီး ကျုပ်ဘေးမှာ ၀င်ထိုင်လိုက်ရောဗျ..
" ဇိမ်လုပ်တာမဟုတ်ပါဘူးဗျာ..တစ်လလောက်ရှိပြီဗျ.. ဘုရားပွဲအတွက် လုံးပန်းနေရတာ ကိုကြီးဘစိန်ရ.. အခုမှပဲ အားလုံးပုံစံကျသွားလို့ စိတ်လျော့လိုက်တော့မှ လူလည်း ခြေကုန်လက်ပမ်းကြသွားတာဗျို့.. ဒီနေ့တော့ ဘယ်မှမသွားဘဲ နားမလို့ တွေးပြီး လှဲနေတာဗျ.."
" အော် ဒီလိုလား.. အေးအေး.. နားပါကွာ.. ငါကလည်း မင်းကို မတွေ့တာကြာလို့ လာတွေ့တာပါ.. မင်းနဲ့ တိုင်ပင်စရာကလေးလည်း ရှိလို့.."
ဘိန်းစားဘစိန်လို့ခေါ်တဲ့ ကိုကြီးဘစိန်က စကားကို ခပ်လေးလေးကြီးပြောပြီး မန်ကျည်းပင်ကြီးကို မော့ကြည့်နေတယ်ဗျ.. ကျုပ်ကလည်း ကွပ်ပျစ်ပေါ်မှာ ချထားတဲ့ နဂါးဆေးပေါ့လိပ်တစ်လိပ်ကို ယူပြီး ဘိန်းစားဘစိန်ကို ပေးလိုက်တယ်..
" ရော့.. ဖွာဦးဗျ.. ဖက်ကြမ်းကလေး ဘာလေး.. အော်.. ဒါနဲ့..ကိုကြီးဘစိန် ဟိုဟာလုပ်သေးလား.."
" ဘာလဲ.. ဘိန်းလား.. "
" အေးလေ.."
" ဟာ.. တာတေကလည်း လုပ်တာပေါ့ကွာ.. မင်းကို ငါ ပြောပြဖူးပါတယ်.. ဒါက ငါ့အတွက် ဆေးပါလို့.."
" ဟုတ်ပါတယ်ဗျ..ဒါထက် ခင်ဗျား မြို့ပြောင်းသွားတာကြာပြီဆိုတော့ ဟိုမှာရော ဒါတွေက ၀ယ်ရတာ လွယ်ရဲ့လား.."
" ဟာ.. တာတေကလည်း မြို့ပါဆိုနေမှ ကြိုက်တာဝယ်လို့ရတာပေါ့ကွ.."
" မဟုတ်ဘူးလေ.. ကိုကြီးဘစိန်ရဲ့.. ဟိုမှာက ရဲတွေ၊ စစ်တပ်တွေ၊ ထောက်လှမ်းရေးတွေက ပေါမှပေါသနဲ့.. ဒါတွေလွယ်ရဲ့လားလို့.."
" အေး.. မင်းပြောတာတော့ ဟုတ်တယ်ကွ.. နာမည်မထွက်အောင်တော့ နေရတာပေါ့ကွ.. ဒီမှာလိုသာ ဘိန်းစားဘစိန်လို့ လူတကာသိနေရင်တော့ အဖမ်းခံရတာ ကြာပြီပေါ့ကွာ.. မြို့ဆိုတော့ လူတွေကလည်း အများသားလားကွ.. သူ ငါမသိ.. ငါသူမသိတွေချည်းပဲ ဆိုတော့ လွတ်လပ်မှုတော့ ရှိတာပေါ့ကွာ.. သိုသိုသိပ်သိပ်တော့ ရှိရတာပေါ့ကွ.."
" အေး.. ကျုပ်ပြောတာ အဲဒါဗျ.. သတိတော့ထားနော်.. ကိုကြီး ဘစိန်.."
" စိတ်ချပါ တာတေရာ.. ဒါ့ထက် ဘန့်ဘွေးကုန်က ပေသီးသတင်း ငါကြားတယ်ကွ.. ဟိုတစ်လောက ငွေတွင်းကုန်းက ငထွန်းတို့ ညီအစ်ကို မြို့လာလို့ သူတို့ပြောမှ ငါသိတာ.."
" မပြောတတ်ပါဘူးဗျာ.. လူတွေပြောမှပဲ ကျုပ်လည်း သိတာဗျ.."
" ဒါထက် သူ့ကို သဂြိုလ်တော့ ဘန့်ဘွေးကုန်းမှာလား ငွေတွင်းကုန်းမှာလားကွ.."
" ဒါက လူသတ်မှုလို ဖြစ်နေတော့ စခန်းက အလောင်းကိုယူပြီး မြို့ကဆေးရုံပို့ပြီး စစ်ဆေးခံရတာပေါ့ဗျ.. အဲဒီကပြန်သယ်လာတော့ ဘန့်ဘွေးကုန်းကိုပဲ သယ်လာပြီး သူ့အိမ်ကပဲ သဂြိုလ်တာပေါ့.."
" မင်းနဲ့လည်း အတော်ခင်တာပဲ.. မင်းလိုက်ပို့လိုက်မှာပေါ့.."
" ဟာ. မပို့ဖြစ်ဘူးဗျ.. ကျုပ်ကလည်း အဲဒီရက်မှာ ဖျားနေတာဗျို့.. အိပ်ယာထဲမှာ တစ်ပတ်လောက်ကို လဲနေတာ ဆေးထိုးဆရာတောင် ခေါ်ပြီး ဆေးထိုးလိုက်ရသေးတာဗျ.. "
" အော်.. "
ကျုပ်ပြောတာ တကယ်ဗျ.. ကိုပေသီးနဲ့လိုက်သွားပြီး အိမ်ပြန်ရောက်တော့ နောက်တစ်နေ့မှာ ကျုပ်အပြင်းဖျားရော တစ်ပါတ်လောက်ကို ကြာတယ်.. လန့်ဖျား ခေါ်မလားဗျာ.. ဒါနဲ့ ဆရာကိုပေသီးအသုဘကို ကျုပ်သွားမပို့နိုင်ခဲ့ဘူးဗျ..
" ဒါနဲ့ ကိုကြီးဘစိန် စောစောက ပြောတဲ့ တိုင်ပင်စရာဆိုတာ ဘာများတုံးဗျ.."
" အော်.. ဖြေးဖြေးပေါ့ကွာ.. မင်းလည်း နားချင်တယ်ဆိုရင် နားပါဦး.."
" ဟာဗျာ.. ကိုကြီးဘစိန်ကလည်း .. ခင်ဗျားက ပြောမယ့်သူ ကျုပ်က နားထောင်ရမယ့်သူ .. ဘာပင်ပန်းစရာရှိလို့လဲ.. ကဲ. ပြော.."
" အေး.အေး.. ဒါဆိုလည်း ပြောတာပေါ့ကွာ.. အော် ဒါထက် မင်းအမေ အရီးလေး ငွေစိန်နဲ့ အဘတို့ရော မမြင်ပါလားကွ.."
" မရှိကြဘူးဗျ.. သူတို့ကလည်း ဆွမ်းတော်ကြီးအဖွဲလေဗျာ.. ချက်ဖို့ပြုတ်ဖို့ စလုပ်နေပြီပေါ့.."
" အေး.. ဒါဆိုရင်တော့ ဟန်ကြသပေါ့ကွာ.. လွတ်လွတ်လပ်လပ် ပြောလို့ရတာပေါ့.. "
" ကိုကြီးဘစိန်ပြောမယ့် ကိစ္စက ဘာများတုံးဗျ.. "
" ဒီလိုကွ..တာတေရ.. မင်းအကြောင်းကို ငါက ဟိုးထဲကသိပြီးသားလေ.. မင်းက အင်မတန်စိတ်ဓါတ်မာတဲ့ကောင်..ပြီးတော့ စွန့်စွန့်စားစားလုပ်ရတာလည်း အားကြီးဝါသနာပါတာမို့လား.. ဒါကြောင့် အခုကိစ္စမှာ မင်းနဲ့တွဲမှ ဖြစ်မှာကွ.."
" အလို ဘာကိစ္စများတုံး.. ကိုကြီးဘစိန်ရဲ့.."
" မင်းကြားဖူးမလားတော့ မသိဘူး..တာတေရ.. ဟိုဘက်ရွာ ဘန့်ဘွေးကုန်းမှာနေသွားတဲ့ တရုတ်ကြီး ဟုတ်စိန်လေ.. "
" ဟာ.. ကြားဖူးတာပေါ့.. ရွှေသွားဟုတ်စိန်ဆိုတဲ့ တရုတ်ကြီးမို့လား."
" အေး..အေး.. ဟုတ်တယ်.. သူ့မိန်းမက ဒေါ်ကျင်ဖော့ တဲ့.."
" အဲ...ဒါတော့ မသိဘူးဗျ.. ရွှေသွား ဟုတ်စိန်ဆိုတာတော့ ကျုပ်ကြားဖူးတယ်.. ကျုပ်တို့ မမွေးခင်ကတည်းက သေသွားတဲ့လူတွေမို့လား ကိုကြီးဘစိန်ရဲ့..သူတို့အကြောင်းတော့ သေသေချာချာ မသိဘူးပေါ့ဗျာ.."
" အေး. ဟုတ်တာပေါ့ကွာ.. ကဲ ကဲ.. ငါ ပြောပြမယ်.. အဲဒီဟုတ်စိန်ဆိုတဲ့ တရုတ်က ပြည်ကြီးပေါက် တရုတ်အစစ်ကြီးတဲ့ကွ.. ငါလည်း မမီလိုက်ပါဘူး.. သူများပြောတာပါ.. သူ့မိန်းမ မကျင်ဖော့ကတော့ ဒီမှာမွေးတဲ့ တရုတ်မကြီးတဲ့ကွ.. ဘန့်ဘွေးကုန်းမှာ နာမည်ကြီး တရုတ်ဆိုင်ကြီးလေကွာ.. ငါတို့ ထနောင်းကုန်းတို့ ငွေတွင်းကုန်းတို့ဆိုတာ တော်ရုံနဲ့ မြို့တက်ဈေးဝယ်နိုင်တာမှ မဟုတ်တာ.. ဘန့်ဘွေးကုန်းကိုပဲ ဈေးဝယ်သွားရတာ.. ပြီးတော့ ရွှေသွားဟုတ်စိန်ဆိုတဲ့ တရုတ်ကြီးက အပေါင်အနှံလည်းခံတယ်ကွ..ပဲပေး.. နှမ်းပေးလည်း ပေးတယ် ဆိုတော့ ဒီအနီးအနားက ရွာသားတွေက အဆင်ပြေတာပေါ့ကွာ.."
" ဟာ. ဒီတရုတ်လင်မယားကတော့ တော်တော်ကိုချမ်းသာမှာပဲနော်.. "
" ချမ်းသာတာပေါ့ကွာ.. သူတို့မှာ သားတစ်ယောက်ပဲရှိတာ.. ကျင်စိန်းတဲ့ .. ဒီလူကို ရန်ကုန်မှာထားတာ ရွာကို တစ်ခါတစ်လေမှ လာတာကွ..နောက်တော့လည်း ပြန်ပြောင်းသွားတယ် ဆိုလားပဲ.."
" ဒါဆို အသက်ကြီးလာတော့ ခက်မှာပေါ့ကွ.."
" အေး.. အဲဒါပြောမလို့ကွ..ရွှေသွားဟုတ်စိန်ကြီး သေတော့ တရုတ်ရိုးရာအတိုင်း အကြီးအကျယ်ကို အသုဘအခမ်းအနားလုပ်တာတဲ့ကွ.. မြို့ကဘုံကျောင်းက လူတွေဆင်းလာပြီး လုပ်ပေးကြတာတဲ့ကွ..ဘန့်ဘွေးကုန်းသုသာန်မှာ အုတ်ဂူကြီး အကြီးကြီးလုပ်ထားတာ မင်းလည်း မြင်သားပဲ..အေး..တစ်နှစ်လောက်ကြာတော့ တရုတ်မကြီးဒေါ်ကျင်ဖော့က သိပ်မမာတော့ဘူးကွာ.. အဲဒီမှာ မြို့ကဘုံကျောင်းက လူကြီးတွေ လာခေါ်သွားကြတယ်.. သူတို့နေတဲ့ အိမ်ကြီးကိုလည်း ဘန့်ဘွေးကုန်းက ဦးတက်ခါးတို့က ဈေးပေါပေါနဲ့ ၀ယ်ယူလိုက်ကြတာတဲ့ကွ.."
" အော်.. ဒါနဲ့ နေပါဦး ကိုကြီးဘစိန်ရဲ့.. ကျွန်တော်ကိုပြောမှာ ဒီတရုတ်လင်မယား ဇာတ်လမ်းလား.."
" ဟာ.. မဟုတ်ရပါဘူးကွာ.. မင်းကလည်း အေးအေးနားထောင်စမ်းပါ.. လာမှာပေါ့.. "
" ကဲ.. ကဲ.. ပြောပါတော့ဗျာ.."
" တရုတ်ကြီးက ပိုက်ဆံချမ်းသာတော့ ပါးစပ်ထဲလည်း ရွှေသွားတွေ ဆယ်ချောင်းလောက် စိုက်ထားတာတဲ့ တာတေရေ.."
" အင်း.. ဟုတ်မှာပေါ့ဗျာ.. ကျုပ်အဘပြောဖူးတယ်ဗျ.. ရှေးခေတ်က တရုတ်ကြီးတွေက ပိုက်ဆံရှိလာရင် ရွှေသွားစိုက်တယ် ဘိန်းရှူတယ် ဆိုပဲဗျ.."
" အေးကွ.. ဒီတရုတ်ကြီးသေတော့ တရုတ်မကြီး ဒေါ်ကျင်ဖော့က သူတို့တရုတ်ထုံးစံအတိုင်း နောက်ဘ၀မှာ မဆင်းရဲအောင်ဆိုပြီး တရုတ်ကြီးကို ခေါင်းသွင်းကာနီးမှာ ကျောက်စိမ်းလက်စွပ်ကြီး တိတ်တိတ်ဝတ်ပေးလိုက်သတဲ့ဗျာ.. အဲဒီ ကျောက်စိမ်းလက်စွပ်ကြီးက အခုဆိုရင် ဘယ်လောက်တန်မယ်လို့ မင်းထင်လဲ.."
" ဟာ.. မသိဘူးလေဗျာ... ကိုကြီးဘစိန်ကလည်း.."
" အေး .. အနည်းဆုံး ဆယ်သိန်းလောက်တန်မယ် တဲ့ဗျား.."
" နေပါဦး ကိုကြီးဘစိန်ရဲ့.. ခင်ဗျားက သေချာလှချည့်လား.."
" အော်.. တာတေရယ်.. သေချာဆို ငါ့ကို ပြောပြတဲ့သူက အရီးပုမလေကွာ."
" ဘန့်ဘွေးကုန်းက အေးကြည်မ အမေလား.."
" အေးလေ.. အဲဒီတုံးက အရီးပုမက ဒေါ်ကျင်ဖော့ကြီးနဲ့ အားကြီးခင်ဆိုပဲ.. ဦးဟုတ်စိန်ကြီးသေတော့ ဒေါ်ကျင်ဖော့နဲ့ သွားနေပေးရတာဆိုပဲ.. ခေါင်းသွင်းခါနီးမှာ ညဘက်ကြီး လူတွေအိပ်မှ အရီးပုမကို နှိုးပြီး ရွှေသွားဟုတ်စိန်ကြီးရဲ့ အလောင်းမှာ ကျောက်စိမ်းလက်စွပ်ကြီး ၀တ်ပေးလိုက်တာတဲ့ကွ.. အရီးပုမကိုခိုင်းလို့ အဲဒီလက်စွပ်ကြီးကိုကိုင်ပေးထားရတာတဲ့ကွ.. နောက်တစ်နေ့ ခေါင်းသွင်းတော့ ပါသွားတာပေါ့ကွာ.."
" ဒါကို ကိုကြီးဘစိန် ဘယ်တုံးက သိတာလဲ.."
" မနှစ်က အရီးပုမမြို့ကို ဆေးရုံလာတက်တော့ ငါသွားစောင့်ပေးရတယ်လေကွာ.. အဲဒီမှာတင် ငါ့ကို အရီးပုမက ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောပြတော့ ဒီအကြောင်းတွေ ပါလာတာကွ.."
" အေးဗျ.. အရီးပုမဆုံးသွားတာ လေး၊ ငါးလတောင် ရှိရော့မယ်.."
" အဲဒီကိစ္စ မင်းကိုငါတိုင်ပင်ချင်တာကွ.."
" ဗျာ ဘယ်လိုဗျ.. ကိုကြီးဘစိန်.."
" ငါ အဲဒီ ရွှေသွားဟုတ်စိန် ဂူကို ဖောက်ချင်တယ်ကွ.."
" ဗျာ.. "
" မဗျာနဲ့.. တာတေ.. နည်းနည်းနောနောတန်တဲ့ ရတနာမဟုတ်ဘူးကွ.. အလဟဿဖြစ်နေမယ့်အတူတူ တစ်ယောက်ယောက်ရတော့ မကောင်းဘူးလားကွ.."
" ဟာ.. ဂူဖောက်တာ ရာဇ၀တ်မှုနော်.. ကိုကြီးဘစိန်.. "
" ငါ သိပါတယ်ကွာ.. လူဆိုတာ စွန့်စားသင့်ရင် စွန့်စားရမှာပေါကွ.. ငါမနက်ကပဲ အဲဒီဂူကို သွားကြည့်ပြီးပြီကွ.. အနှစ်ငါးဆယ်လောက်ရှိပြီဆိုတော့ တော်တော်ကိုဆွေးနေပါပြီကွာ.. ဖောက်ဖို့ မခက်တော့ပါဘူး.."
" ဟာ ခင်ဗျားက သွားတောင်ကြည့်ပြီးပြီ ဟုတ်လား.. "
" အေး.. ငါကြည့်ပြီးပြီ တာတေ.. ဖောက်ဖို့ အကောင်းဆုံးက ဘုရားပွဲညပဲကွ.. မင်းသိတဲ့အတိုင်း တို့ရွာသားတွေရော၊ ဘန့်ဘွေးကုန်သားတွေပါ တစ်ယောက်မကျန် ပွဲကြည့်ကြမယ့် ညလေကွာ.. လူမပြောနဲ့ ခွေးတွေတောင် ဘုရားပွဲနားရောက်နေတဲ့ အချိန်မို့လား.. ပြီးတော့ ဆိုင်းသံ ဗုံသံတွေနဲ့ ဆူညံနေတဲ့အချိန်ဆိုတော့ ဂူဖောက်ဖို့ အကောင်းဆုံး အချိန်ကွ.."
" အင်း.. ခင်ဗျား အခါရွေးတာတော့ တော်တော်ဟုတ်တာပဲဗျ.. ကိုကြီးဘစိန်ရ.."
" ဟာ ငါက ဘိန်းစားဘစိန်လေကွာ.. ဘိန်းလေးမူးမူးနဲ့ ဒါကိုပဲ တတွေးတွေးလုပ်နေတာ ကြာလှပြီလေကွာ.." ကျုပ် ဘိန်းစားဘစိန်ပြောတာကို ဆေးလိပ်ဖွာရင်း တွေးကြည့်နေမိတယ်.. မိရင်တော့ မလွယ်ဘူးဗျ.. ဒါပေမယ့် ကျောက်စိမ်းလက်စွပ်ကြီးကိုတော့ တော်တော့်ကို စိတ်ဝင်စားသွားတာဗျို့.. ဒါမျိုးကြားရရင် ဘယ်သူမဆို စိတ်ဝင်စားကြမှာပါဗျာ..
" ကဲ.. ဘယ်လိုလဲ တာတေ.."
" ကိုကြီးဘစိန်ရာ တာတေပါဗျာ.. "
" အေး ကြိုက်ပြီပေါ့.. ငါသိပြီးသားပါကွာ.. မင်းလိုလူက ဒီလိုစွန့်စားရတဲ့ ကိစ္စကို လက်လွတ်မှာ မဟုတ်ပါဘူး.. "
" ဒါပေမယ့် ကိုကြီးဘစိန်.. ခင်ဗျားသိတဲ့အတိုင်း ဘုရားပွဲရက်ဆိုတော့ ရွာကလူတွေလည်း ပြန်ရောက်နေကြတာ.. တခြားရွာကလူတွေလည်း ရောက်နေကြတာဆိုတော့ ရွာမှာ လူတွေပြည့်နေပြီဗှ.. တော်တော်တော့ သေသေသပ်သပ်လုပ်မှ ရမယ်.. "
" ဟုတ်တာပေါ့ကွ.. အဲဒီတော့ မင်းနဲ့ငါလည်း ထပ်မတွေ့တော့ဘူး.. မင်းသဘောတူပြီဆိုတော့ ဘာမှထပ်ပြောစရာလည်း မရှိတော့ဘူးလေ.. လပြည့်ညမှာ ညဆယ်နာရီအရောက် ဘန့်ဘွေးကုန်သုသာန်ကို မင်းအရောက်လာခဲ့ တာတေ.. ရွှေသွားဟုတ်စိန်ရဲ့ ဂူကိုတော့ မင်းသိတယ် မို့လား.. "
" ဟာ သိပါသကောဗျာ.. သချီုင်းမြောက်ဘက်၊ ကုက္ကိုလ်ပင်ကြီးတွေအောက်က ဂူကြီး အကြီးကြီးလေ.."
" အေး ဟုတ်ပြီ.. လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ ငါအားလုံးယူခဲ့မယ်.. မင်းဘာမှ ယူစရာမလိုဘူး.. လူသာ အရောက်လာခဲ့.. မင်းဝေစုကတော့ တစ်ဝက်တိတိပဲ.. "
" ဟာ ရပါတယ်ဗျာ. ကျုပ်က စွန့်စွန့်စားစားလုပ်ရရင် ကျေနပ်နေတဲ့ကောင်ပါဗျာ.. "
" အေး ကောင်းပြီ.. ငါသွားမယ် တာတေ.. "
ပြောပြောဆိုဆို ဘိန်းစားဘစိန်က ခါးကြီးကိုင်းကိုင်း ကိုင်းကိုင်းနှင့် အိမ်ဝိုင်းထဲက ထွက်သွားလေရဲ့..
ကျုပ်မျှော်လင့်နေတဲ့ လပြည့်ညတော့ ရောက်ပြီဗျ.. ကျုပ်တို့ရွာဘုရားပွဲကလည်း လွှတ်ကိုစည်တာဗျို့.. ကျုပ်စိတ်ထဲမှာ ခါတိုင်းထက်ကို ပိုစည်တယ်လို့ ထင်တယ်ဗျ.. ပွဲခ
င်ကြီးထဲမှာ ညနေထဲကကို လူပြည့်နေတာဗျ.. ဈေးတန်းမှာလည်း တိုးမပေါက်ဘူးဗျို့.. ကျုပ်ကတော့ အချိန်တကြည့်ကြည့်နဲ့ပေါ့ဗျာ.. ကျုပ်ကို လူတိုင်းမြင်အောင်လည်းဟိုဟာလုပ်သလို ဒီဟာလုပ်သလို လုပ်ပြရသေးတယ်ဗျ..
ကိုးနာရီခွဲလောက်ကြတော့ ကျုပ်ပွဲဈေးထဲက ထွက်လာခဲ့တယ်.. ဘန့်ဘွေးကုန်းဘက်ကို သုတ်ခြေတင်တာပေါ့ဗျာ.. တပေါင်းလပြည့်ညဆိုတော့ လကလည်း လင်းထိန်အောင် သာနေတာကိုးဗျ... သစ်ပင်ရိပ်ကလေးတွေခိုပြီး ခပ်သုတ်သုတ်လျှောက်ခဲ့ရတာပေါ့..ဘန့်ဘွေးကုန်းသုသာန်ရောက်တော့ပဲ ဆယ်နာရီခွဲနေပြီဗျ.. ကျုပ်လည်း ကုက္ကိုလ်ပင်ကြီးတွေ အရိပ်ခိုပြီး မှောင်ရိပ်က လမ်းလျှောက်ရတာပေါ့.. ဘန့်ဘွေးကုန်းသုသာန်ကြီးက ကျယ်သလောက် ကုက္ကိုလ်ပင်ကြီးတွေနဲ့ မှိုင်းညို့နေတာဗျ..
ကျုပ်လည်း ဟိုကြည့် သည်ကြည့် နောက်ပြန်ကြည့်ပြီး သုသာန်မြောက်ဘက်ကို ဦးတည်လိုက်တယ်.. အဲဒီမှာက တရုတ်ကြီး ရွှေသွားဟုတ်စိန်ရဲ့ ဂူဟောင်းကြီးရှိတယ်လေဗျာ.. ဟိုရောက်လို့ ဘိန်းစားဘစိန်ကြီးသာ ရောက်မနေရင်တော့ ဒုက္ခပဲ.. ကျုပ်တစ်ယောက်ထဲ ထိုင်နေရမှာ သိပ်တော့မလွယ်ဘူးလို့ တွေးလိုက်မိတယ်ဗျ..
" ဟေ့ကောင် တာတေ.. ဒီဘက်လာကွ.. ဒီဘက်က ယာပြင်ပဲရှိတာ.. ဟိုဘက်က ရွာလမ်းဆိုတော့ လူသူအသွားအလာရှိတယ်.. တို့က ဒီဘက်ကနေ အလုပ်လုပ်ရမှာကွ.. "
" တော်ပါသေးရဲ့ဗျာ.. ကိုကြီးဘစိန် မရောက်သေးဘူးလားလို့ တွေးပူနေတာဗျ.. ကျုပ်က.. "
" ဟာ ရောက်ပါတယ်ကွ.. ငါကသာ မင်းမလာမှာ စိုးရိမ်နေမိတာ.. မင်းက ရပ်ရေးရွာရေးကလည်း တစ်ဖက်ကရှိနေတာမို့လား.. "
" အဲဒါတွေက သူဟာနဲ့သူ ပုံစံချပြီးသားပါဗျာ.. "
" အေး.. ဒါဆိုပြီးတာပေါ့ကွာ.. ကဲ.. ငါတို့ အလုပ်စကြရအောင်ကွာ.. ပထမဆုံးတော့ ဒီထမင်းထုပ်ကို ဂူကြီးပေါ် တင်လိုက်မယ်ကွာ. မဖဲဝါအတွက် ထမင်းထုပ်လေကွာအမဲသားနဲ့ကွ.."
" ဗျာ .. မဖဲဝါ ဟုတ်လား.. ကိုကြီးဘစိန်.. "
" အေး ဟုတ်တယ်လေ.. သချိုင်းမှာလုပ်တဲ့ကိစ္စ သူကျေနပ်မှ ဖြစ်တာကွ.. ဒီတော့ သူ့ကို အမဲသားဟင်းနဲ့ ထမင်းအရင် ကျွေးရမွေးရတာကွ.. တာတေရ.. အေး မင်းလည်း ဗဟုသုတရတာပေါ့ကွာ.. "
ကျုပ် စိတ်ထဲမှာတော့ မဖဲဝါဆိုတဲ့ နာမည်ကြားရုံနဲ့ ကျောထဲမှာ စိမ့်ခနဲဖြစ်သွားတယ်ဗျို့.. ဒါပေမယ့် ကျုပ်ဘာမှ မပြောပါဘူး.. ကိုကြီးဘစိန် လုပ်တာကိုပဲ အသာထိုင်ကြည့်နေတာပါ.. ဘေးက ယာခင်းပြင်ကြီးထဲမှာ လကထိန်နေတာဗျ.. ကျုပ်တို့ရောက်နေတဲ့နေရာက ကုက္ကိုလ်ပင်အုပ်ကြီးထဲမှာဆိုတော့ မှောင်ရိပ်ကြီးကျနေတာလေ.. အလင်းလေးတစ်ကွက်တလေပဲ ရှိတာ.. ရွှေသွားကြီးရဲ့ အုတ်ဂူကလည်း လူတစ်ရပ်ကျော်ကျော်မြင့်တာဗျ.. ကိုကြီးဘစိန်က ဂူကြီးပေါ်ကို ကုတ်ဖဲ့တက်သွားတယ်.. ကျုပ်က ထမင်းထုတ်ကြီး လှမ်းပေးရတယ်.. ငှက်ပျောဖက်နဲ့ ထုတ်ထားတဲ့ ထမင်းထုပ်ကို ဘိန်းစားဘစိန်က ဂူပေါ်မှာ ဖြန့်ချထားလိုက်တယ်.. အမဲသားဟင်းနံ့က ထောင်းခနဲထွက်လာတာပေါ့.. တော်တော်တော့ မွှေးသားဗျ..
" သချိုင်းစောင့်ကြီး မဖဲဝါ.. မဖဲဝါစားဖို့ အမဲသားဟင်းနဲ့ ထမင်းထုပ်ဗျို့.. ကျုပ်နဲ့ ကျုပ်ညီက ယူလာတာပါ.. မြိန်မြိန်ယှက်ယှက်သာစားဗျာ.. ပြီးတော့ ကျုပ်တို့အလုပ်လုပ်မှာကိုလည်း မဖဲဝါပဲစောင့်ရှောက်ပါ.. ဘာအန္တရာယ်မှ မကျရောက်အောင်လည်း ကာကွယ်ပေးပါ မဖဲဝါ.. "
ဘိန်းစားဘစိန်က ပြောစရာရှိတာ ပြောပြီး ဂူကြီးပေါ်ကနေ ကုတ်ဖဲ့ဆင်းလာတယ်ဗျ.. အောက်ရောက်တော့ သူယူလာတဲ့ အိတ်ကြီးထဲကနေ သံစို့ကြီးတွေ၊ သံကလော်နဲ့ တူကြီးကို ထုတ်တယ်ဗျ.. တူကတော့ ခြောက်ပေါင်တူကြီးဗျ..
" ကဲ.. တာတေရေ.. တို့လုပ်ငန်းစကြစို့ဟေ့.. ငါ ဖောက်လို့ လွယ်မယ့်နေရာကိုကြည့်ထားတယ်ကွ.. ဟောဒီဘေးဖက်က အုတ်တွေက အနောက်ဖက်ဆိုတော့ မိုးရေအထိများပြီး ပိုဆွေးနေတာကွ.. အဲဒီဘက်က ဖောက်ရမယ်.. "
" ဟာ ကိုကြီးဘစိန် သံစို့တွေရဲ့ အနောက်မှာ ပုဆိုးစုတ်တွေ ပတ်ထားပါလားဗျ.. "
" အေးလေကွာ.. ဒါမှ တူနဲ့ရိုက်ရင် အသံမထွက်မှာပေါ့.. "
" အော်.. ဒီလိုလား.. ကိုကြီးဘစိန်က အလုပ်လုပ်တာ တော်တော်သေသပ်တာပဲ.. "
" ဒါပေါ့ တာတေရာ.. ဘာပဲလုပ်လုပ် စနစ်တကျသာလုပ်ကွ.. သတိဆိုတာ ပိုတယ်လို့ ရှိတာ မဟုတ်ဘူးကွ.. "
ပြောပြောဆိုဆို ဘိန်းစားဘစိန်က သူရဲ့ခါးကိုင်းကိုင်းကြီးကိုကုန်းပြီး အုတ်ဂူရဲ့ ဘေးဘက်ကနေစပြီး ဖောက်တော့တာပဲဗျို့.. ဟုတ်သားဗျ.. တူထုတဲ့အသံက ခပ်အုပ်အုပ်ပဲထွက်လာတယ်..
" ဒုတ်.. ဒုတ်.. ဒုတ် .. ဒုတ်.. "
ဘိန်းစားဘစိန်က သုံးလေးချက် ဆက်ရိုက်လိုက်.. အသာရပ်ထားလိုက်.. ဘေးဘီက အသံကို နားစွင့်လိုက်နဲ့ လုပ်နေတာဗျ.. ကျုပ်ကလည်း ပတ်ဝန်းကျင်ကို အကဲခတ်ပေးနေရတာပေါ့ဗျာ.. ကျုပ်ကလည်း ပတ်ဝန်းကျင်ကို အကဲခတ်ပေးနေရတာပေါ့ဗျာ.. ဆွေးနေတဲ့ ကွန်ကရစ်တွေက ဖွားခနဲ ဖွားခနဲ ပဲ့ကြတာပေါ့ဗျာ.. ခဏလေးနဲ့ အထဲက အုတ်တွေ ပေါ်လာတယ်ဗျ.. ကိုဘစိန်ကြီးက အထဲက အုတ်တွေကို ထပ်ဖောက်တယ်.. သူထင်သလောက်တော့ မလွယ်ဘူးဗျ.. ရှေးခေတ်က အုတ်သရိုးကိုင်တာ တော်တော်ကောင်းတာပဲကိုး.. ဘိန်းစားဘစိန်ကြီး ချွေးတောင်ပြန်လာပြီဗျို့.. နောက်တော့မှ အုတ်တစ်လုံးပဲ ထွက်လာတယ်.. အဲဒီထွက်လာတဲ့အုတ်ကို ကျုပ်က အသာကလေး ဆွဲထုတ်လိုက်တယ်ဗျ.. ကိုဘစိန်ကြီးက နောက်တစ်လုံး ထပ်ဖဲ့ပြန်တယ်.. အုတ်ကလည်း တော်တော်ကောင်းတာဗျ.. မီးကို တော်တော်ကျက်ထားပုံရတယ်.. ထန်ခနဲ ထန်ခနဲ နေတာပဲ.. ဒါပေမယ့် တစ်လုံးထွက်သွားပြီဆိုတော့ ပိုပြီးတော့ ဖဲ့ရတာလွယ်လာပါတယ်.. ဟော.. နောက်တစ်လုံး..
" ဒုတ်.. ဒုတ်.. ဒုတ်.. ဒုတ်.. "
ဟော.. နောက်တစ်လုံးဗျ.. ကိုဘစိန်ကြီးလည်း ချွေးတွေ ပြန်နေပြီဗျ..
" ကိုကြီးဘစိန်.. ပေးလေ.. ကျုပ်တစ်လှည့်လုပ်မယ်.. "
" ဟာ နေပစေ..တာတေ.. ငါလုပ်မယ်.. အချိန်အဆသိမှ ဖြစ်မှာကွ.. ဂူကြီးက ဟောင်းနေတာ မတော် ပြိုကျလို့ ပိသွားပါအုန်းမယ်ကွာ.. "
" ၀ူးးးးးး ၀ူးးးးးး ၀ူးးးးးးးးးး "
ဒီအချိန်မှာပဲ သချိုင်းအနောက်ဘက်က ဆွဲဆွဲငင်ငင်အူလိုက်တဲ့ ခွေးအူသံကြီးကို ကြားလိုက်ရတယ်ဗျ.. ကျုပ်လည်း ခွေးအူသံကြားတဲ့ဘက်ကို လှည့်ကြည့်လိုက်မိတယ်...
ကိုဘစိန်ကြီးတောင် တူထုတာရပ်သွားတယ်ဗျ.. သူလည်း ခွေးအူသံကို နားစွင့်နေပုံရတယ်ဗျ..
" ၀ူးးးး ၀ူးးးးးးးးးးးး ၀ူးးးးးးးးးးးးးးး "
ကျုပ်စိတ်ထဲတော့ ခွေးအူသံကြီးက တဖြေးဖြေး ရွေ့လာနေသလိုပဲဗျ.. ဘိန်းစားဘစိန်ကြီးကတော့ အုတ်တွေ တစ်လုံးပြီးတစ်လုံး ထုတ်တော့တာပါပဲ.. ခဏကြာတော့ ဂူပေါက်က တော်တော်ကျယ်သွားပြီဗျ.. လူတစ်ယောက် ခပ်ကျယ်ကျယ် တိုးဝင်လို့တော့ ရသွားပြီ..
" ဒီလောက်နဲ့ မရသေးဘူးကွ.. အရေးအကြောင်းဆို ချက်ချင်းပြန်ထွက်လို့ရမှ ဖြစ်မှာ.. "
" ဒုတ်.. ဒုတ်.. ဒုတ်.. ဒုတ်.. "
ဆက်ထုပြန်တယ်.. အုတ်ခဲတွေကလည်း ဘေးမှာပုံလာပြီ.. ကိုဘစိန်ကလည်း ဂူကို သေသေသပ်သပ်ဖောက်နေတာဗျို့.. တော်တော်ကြာတော့မှ ကိုဘစိန်က ဂူပေါက်ကြီးကို သေသေချာချာကြည့်ပြီး
" ကဲ.. ဒီလောက်ဆို ရပြီကွ.. ဂူကြီးက အကျယ်ကြီးပါလားကွ.. နေဦး တာတေ.. ငါ့အိတ်ထဲမှာ ဓါတ်မီးပါတယ်ကွ.. "
ကျုပ်က ဘိန်းစားဘစိန်ရဲ့ အိတ်ကြီးထဲက ဓါတ်မီးကို နှိုက်ယူလိုက်တယ်.. သုံးထောင့်ထိုး ဓါတ်မီးဗျ..
" ရော့.. ကိုကြီးဘစိန်.. ဓါတ်မီး.. "
" ဟာ.. အဲဒါ မင်းယူထား.. မင်းက ငါ့ကို မီးထိုးပြရမှာ.. မီးကိုအောက်စိုက်ပြီး ခပ်အုပ်အုပ်ထိုးနော်.. ဘေးကို ဝေ့မထိုးမိစေနဲ့.. ဓါတ်မီးအရောင်ဆိုတာ တော်တော်ဝေးဝေးက မြင်ရတာကွ.. "
" စိတ်ချ.. စိတ်ချ.. ကိုကြီးဘစိန်.. "
" ဟို ပလာယာနဲ့ သံကလော်ယူလိုက်.. ငါ့ကိုပေး.. "
ကျုပ်ကလည်း သူခိုင်းတဲ့အတိုင်း ပလာယာနဲ့ သံကလော်အတိုကလေးကိုယူပေးလိုက်တယ်..
" ကဲ.. ငါ အရင်ဝင်မယ်.. ပြီးမှ မင်းဝင်ခဲ့.. "
ပြောပြောဆိုဆို ဘိန်းစားဘစိန်က ပုဆိုးကို ခါးထောင်းကြိုက်လိုက်တယ်.. ကျုပ်လည်း သူလုပ်သလို လိုက်လုပ်လိုက်တယ်.. ကိုကြီးဘစိန်က ခါးထောင်းကျိုက်ကြီးနဲ့ အရင်
ဝင်လိုက်တယ်.. ကျုပ်က ဓါတ်မီးကို အောက်စိုက်ပြီး ခပ်အုပ်အုပ်ထိုးပေးလိုက်တယ်.. ပြီးတော့မှ ကျုပ်ပါ အထဲကို ၀င်လိုက်တယ်.. ဂူကြီးက အထဲမှာ တော်တော်မြင့်တာပဲဗျ.. ကျုပ်အရပ်သာသာကလေး လွတ်တယ်ဗျ.. သစ်သားခေါင်းကြီးကတော့ အကောင်းကြီးဗျ.. ကျွန်းသား ခေါင်းကြီးကိုး ကောင်းမှာပေါ့..ကျုပ်က ခေါင်းကြီးကို မီးထိုးပြထားတယ်.. ဘိန်းစားဘစိန်က ခေါင်းကို အဖုံးဖွင့်ဖို့ ကြိုးစားတယ်..
" တော်တော်သေသပ်တဲ့လက်ရာကွ.. ဒါတရုတ်လက်သမားတွေ လုပ်တဲ့ခေါင်းပဲ.. "
ဘိန်းစားဘစိန်က သံကလေးကို တစ်နေရာမှာ စိုက်ချပြီး လက်ဖနောင့်နဲ့ ရိုက်ကြည့်တယ်..
" မရဘူးကွ.. တာတေ.. ဂူပြင်ပြန်ထွက်ပြီး တူနဲ့စို့သွားယူ.. ဓါတ်မီး ငါ့ကိုပေးခဲ့.. "
ကျုပ်လည်း ဂူပြင်ပြန်ထွက်လိုက်တယ်..
" ၀ူးးးးးးးး ၀ူးးးးးးးးးးးးးးးးးး ၀ူးးးးးးးးးးးးးးးးးးးးးးးး ၀ူးးးးးးးးးးးးးးးးးးးး "
ခွေးအူသံကြီးက ဆွဲဆွဲငင်ငင်ထွက်လာပြန်ပြီ.. ဒီတစ်ခါ အသံက တော်တော့်ကိုနီးနေသလိုပဲဗျ.. ကျုပ်လည်း တူနဲ့သံစို့ကို ကောက်ယူပြီး ဂူထဲကို ခပ်သုတ်သုတ်ပြန်ဝင်လိုက်တယ်.. ဘိန်းစားဘစိန်က ကျုပ်ကို ဓါတ်မီးထိုးပြတယ်..
" ပေး.. ငါ့ကို မင်းဓါတ်မီးထိုးပြ.. "
ကျုပ်လက်ထဲက သံစို့နဲ့ သံကလော်ကို ဆွဲယူလိုက်တယ်..
" ဘုတ်.. ဘုတ်.. ဘုတ်.. ဘုတ်.. "
ကျွန်းခေါင်းကြီးကို သံစို့နဲ့ ရိုက်ပြီး အစလန်အောင် လုပ်နေတယ်.. ပြီးတော့ သံကလော်နဲ့ ကလော်တယ်..
" ကျွီ.. " ဆိုတဲ့ အသံကြီးထွက်လာပြီး ခေါင်းဖုံးကြီး နည်းနည်းဟလာတယ်.. ဘိန်းစားဘစိန်က လန်သွားတဲ့နေရာကစပြီး သံကလော်နဲ့ လိုက်ကလော်တယ်..
" ကျွီ.. ကျွီ.. ကျွီ.. "
သံ တွေ တစ်ချောင်းပြီးတစ်ချောင်း ကျွတ်ကုန်ပြီ.. နောက်ဆုံးတော့ ခေါင်းဖုံးကြီးပွင့်သွားပြီ.. ကိုဘစိန်က ခေါင်းဖုံးကြီးကို မယူပြီး ဘေးကိုတွန်းချလိုက်တယ်.. ကျုပ်က ဓါတ်မီးကို ခေါင်းထဲထိုးလိုက်တယ်..
" ဟင်.. အမှုန့်တွေ ဖြစ်နေပါလား.. "
" ဖြစ်ပြီပေါ့ တာတေရာ. အနှစ်ငါးဆယ်တောင်ကျော်နေပြီဆိုတော မြေကြီးဖြစ်ပြီပေါ့.. ခေါင်းခွံနဲ့ လက်ဖျံရိုးတော့ ကျန်နေသေးတာပဲ.. "
ပြောပြောဆိုဆို ကိုဘစိန်ကြီးက ခါးကိုင်းကိုင်းကြီးကို ကုန်းလိုက်ပြီး အမှုန့်တွေထဲမှာ တစ်ခုခုကို လိုက်စမ်းနေတယ်ဗျ.. တော်တော်ကြာအောင် စမ်းပြီးတော့မှ လက်ထဲမှာ တစ်ခုခုကို ဆုပ်ထားတယ်.. လက်ကိုလည်း ဆကြည့်သေးတယ်ဗျ..
" အင်း ဟုတ်လောက်ပါတယ်.. " လို့ တစ်ယောက်တည်းပြောပြီး ကျုပ်ထိုးပြထားတဲ့ မီးရောင်အောက် သူ့လက်ကို ဖြန့်ပြီးကြည့်တယ်.. မဲမဲအရာတစ်ခုကို လက်နှစ်ဖက်နဲ့
ပွတ်တိုက်ကြည့်တယ်..
" ဟာ.. လက်စွပ်ကြီးဗျ.. "
" အေးလေ.. ငါတို့လာရှာတဲ့ဟာပေါ့ကွ.. တာတေရ.. "
ပြောပြောဆိုဆို ပုဆိုးခါးပုံစကို ဆွဲပြီးတိုက်နေပြန်တယ်.. ခဏကြာအောင် တိုက်ပြီးမှ မီးရောင်အောက်ကို ထုတ်ကြည့်တယ်..
" ဟာ.. ကျောက်စိမ်းကြီးဗျ.. တောက်နေတာပဲဗျာ.. ရွှေကလည်း ၀င်နေတာပဲဗျို့.. "
" ရော့ ယူထား.. အိတ်ကပ်ထဲကို ထည့်ထားလိုက်.. "
ကျုပ်က ကျောက်စိမ်းလက်စွပ်ကို အိတ်ကပ်ထဲထည့်လိုက်ယ်.. ကျုပ်တော်တော်ကို ပျော်သွားတာဗျို့.. ဘိန်းစားဘစိန်ကြီးကတော့ အမှုန့်တွေထဲမှာ လိုက်စမ်းနေပြန်တယ်..
ပြီးတော့ ဆွဲထုတ်လိုက်တယ်.. ပုဆိုးနဲ့ ပွတ်တိုက်၊ မီးရောင်မှာ ကြည့်လိုက် လုပ်ပြီးရော..
" ရော့ ဒါလည်း အိတ်ထဲထည့်ထား ရွှေဒဂါးကွ.. ရှိသေးသလား. ငါ ရှာကြည့်ဦးမယ်.. ဟော ဒီမှာ တစ်ပြား.. ဟာ.. ဒီဘက်မှာ တစ်ပြား.. မရှိတော့ဘူးထင်တယ်ကွ... ဒီသုံးပြားပဲ ထည့်ပေးလိုက်တာထင်တယ်.. ကဲ ရော့.. မင်းအိတ်ထဲကို သေသေချာချာထည့်ထား ... တာတေ.. "
ကျုပ်လည်း ဘိန်းစားဘစိန်လုပ်ခိုင်းတဲ့အတိုင်း သေသေချာချာအိတ်ထဲကို ထည့်လိုက်တယ်.. ကိုဘစိန်က ခေါင်းခွံကြီးကို ယူပြီး ပါးစပ်ထဲက သွားတွေကို ပွတ်ကြည့်နေတယ်..
" ဟာ.. ဟုတ်သားပဲကွ.. အားလုံး ရွှေသွားတွေဟ.. ပေးစမ်း .. ငါ့ကို ပလာယာ.. "
ကျုပ်က ပလာယာလှမ်းပေးလိုက်တယ်.. ကိုဘစိန်ကြီးက ခေါင်းခွံကြီးထဲက သွားတစ်ချောင်းကို ဆွဲနှုတ်လိုက်တယ်.. ပြီးတော့ ကျုပ်ကို လှမ်းပေးတယ်.. ကျုပ်ကလည်း လက်ဝါးဖြန့်လိုက်တယ်.. ကိုဘစိန်က ပလာယာမှာ ညှပ်ထားတဲ့သွားကို ကျုပ်လက်ဖ၀ါးထဲ ထည့်လိုက်တယ်.. ကျုပ်ကလည်း တစ်ဖက်အိတ်ကပ်ထဲ ထည့်လိုက်တယ်.. ကျုပ်အကျီက အိတ်ကပ်နှစ်ဖက်ပါတဲ့ အကျီလေဗျာ..
" ရော့.. ဒီမှာ နောက်တစ်ချောင်း .."
ကျုပ်ကလည်း အိတ်ကပ်ထဲ ထည့်လိုက်ပြန်တယ်.. နောက်တစ်ချောင်း နောက်တစ်ချာင်း အားလုံး ကိုးချောင်းရှိပြီဗျ..
" ဟီးးးးး ဟီးးးးး ဟီးးးးးး ဟီးးးးးးး ဟီးးးးးးးးး "
" ဟင်.. ဘာသံကြီးလဲဗျ.. ဂူပေါ်ကလာတဲ့ အသံကြီးဗျ.. "
ကျုပ်ရော ကိုဘစိန်ကြီးပါ လန့်သွားတယ်ဗျ..
" ဟား.. ဟား..ဟား...ဟား... ဟား.. "
ရယ်သံကြီး တစ်မျိုးပြောင်းသွားတယ်..
" ၀ူးးး ၀ူးးး ၀ူးးး ၀ူးးး "
စောစောက ကြားနေတဲ့ ခွေးအူသံကြီးကလည်း ဂူနားက ကပ်ထွက်လာတယ်..
" ဘယ်လိုလုပ်ကြမလဲ.. ကိုကြီးဘစိန်.. "
" ဒါ မဖဲဝါပါကွ.. ငါ ကျွေးမွေးထားတာတွေကို လာစားနေတာ ဖြစ်မှာပေါ့.. ဒီတော့ ဒီလိုလုပ်.. မင်းဂူထဲကထွက်ပြီး တစ်ချိုးထဲ ထွက်ပြေးပေတော့.. ငါက နောက်ကထွက်မယ်.. "
" ဟာ.. ကျုပ်ရှေ့က မထွက်ရဲဘူးဗျ.. ကိုကြီးဘစိန် အရင်ထွက်ဗျာ.. ခင်ဗျား ပြေးတဲ့နောက်ကို ကျုပ်လိုက်ပြေးမယ်ဗျာ.. "
" ကဲ.. ဒါဆိုရင် ငါအရင်ထွက်မယ်.. ဒီပစ္စည်းတွေတော့ ထားခဲ့တော့ကွာ.. အခြေအနေကြည့်ပြီးတော့ လာယူသင့်လည်း လာယူမယ်.. ဓါတ်မီးတော့ မင်းယူသွား.. ခါးမှာ ထို
းလိုက်... ကဲ.. ငါထွက်ပြီ.. "
ပြောပြောဆိုဆို ကိုဘစိန်ကြီးက ဖောက်ထားတဲ့ ဂူပေါက်ကြီးထဲ ခါးကိုင်းကိုင်းကြီးနဲ့ ငုံ့ထွက်လိုက်တယ်..
" အင့်.. "
ဂူပေါ်က လက်ကြီးတစ်ချောင်းက ကိုဘစိန်ကြီးရဲ့ ဆံပင်ဘုတ်သိုက်ကြီးကို ဆောင့်ဆွဲလိုက်တယ်..
" တာတေ ပြေးတော့.. "
ကျုပ်လည်း ဂူပေါက်ကြီးကနေ ခုန်ထွက်ပြီး ကျုပ်လာတဲ့လမ်းအတိုင်းပြေးခဲ့တယ်.. နောက်ကိုတော့ တစ်ချက်မှ လှည့်မကြည့်ရဲဘူး.. ကိုကြီးဘစိန်ကို ဒီအတိုင်ပဲ ပစ်ထားခဲ့ရတော့တာပေါ့.. ကျုပ်ပြေးလာလိုက်တာ ဘန့်ဘွေးကုန်း သုသာန်အ၀င်ဝကိုတောင် မြင်နေရပြီး ဒီတုံးမှာပဲ သချိုင်းဝမှာ ဘွားခနဲပေါ်လာတဲ့ အရိပ်လိုလိုကြီးတစ်ခုကို လှမ်းတွေ့လိုက်ရတယ်ဗျ.. ကျုပ်မြင်ရတာတော့ ဖြူဖြူကြီးဗျ.. ဆံပင်ဖားလျားကြီးချလို့.. ကျုပ်လည်း တုန့်ခနဲရပ်လိုက်မိတယ်.. ဖြူဖြူကြီးက ကျုပ်ဘက်ကို လက်ဝါးကြီးဖြန့်ပြတယ်.. တောင်းနေတာဗျ.. သူကျုပ်ဆီက တစ်ခုခုကိုတောင်းနေတာ .. ကျုပ်သတိရပြီး အိတ်ကပ်ထဲက ရွှေဒဂါးသုံးပြားကို ထုတ်ယူပြီး အဲဒီ ဖြူဖြူကြီးရှိတဲ့ဘက်ကို လှမ်းပစ်လိုက်တယ်.. ဖြူဖြူကြီးက လေထဲထုန်ပြီး ရွှေဒဂါးသုံးပြားကို လက်နဲ့ဝှေ့ပြီး ဖမ်းလိုက်တယ်.. ကျုပ်ရပ်ကြည့်နေတုန်းမျာ လက်ဝါးကြီး ထပ်ဖြန့်ပြတယ်.. ကျုပ်က ဒီဘက်အိတ်ထဲက ရွှေသွားတွေကို အကုန်ထုတ်ပြီး သူ့ဆီကို လှမ်းပစ်ပေါက်လိုက်တယ်.. ခုနကလိုပဲ လေထဲမှာ ခုန်ပြီး ဝှေ့ဖမ်းသွားပြန်တယ်.. ပြီးတော့ ကျုပ်ဘက်ကိုလှည့်ပြီး လက်ဝါးဖြန့်ပြန်တယ်.. ဒီတစ်ခါတော့ လက်စွပ်တောင်းမှန်း ကျုပ်သိတယ်.. ဒါတော့ ကျုပ်မပေးနိုင်တော့ဘူး.. ကျုပ်ချက်ချင်းပဲ ညာဘက်ကိုချိုးပြီး ပြေးတယ်.. ဖြူဖြူကြီးကလည်း ရိပ်ခနဲ ပျောက်သွားပြီး ကျုပ်ပြေးတဲ့လမ်းတည့်တည့်မှာ ပိတ်ရပ်နေပြန်တယ်.. ကျုပ်နဲ့တော့ သိပ်မနီးဘူးဗျ.. သူ့ကို လရောင်အောက်မှာ ဖြူဖြူကြီးတစ်ခုလို့ပဲ သိရတာ.. ကျုပ်ဘက်ကိုလက်ကြီး ဖြန့်ပြနေပြန်တယ်.. ကျုပ်ဘာလုပ်ရမှန်း မသိတော့ဘူး..
" ဟီး.. ဟီးးး ဟီးးး မဖဲဝါ တဲ့.. "
" ဟာ.."
ကျုပ်တစ်ကိုယ်လုံး ကြက်သီး ဖြန်းခနဲ ထသွားတယ်.. ကျုပ်လည်း နှမျောတဲ့စိတ်တွေ ပျောက်သွားပြီ.. အိတ်ထဲကို ကဗျာကယာနှိုက်ပြီး လက်စွပ်ကြီးကို ထုတ်ယူလိုက်တယ်.. ကျုပ်စိတ်ထင် အရပ်ကြီးက ရှစ်ပေ ကိုးပေလောက်မြင့်သွားတယ်ဗျ.. ရုပ်တော့ ကျုပ်မမြင်ရပါဘူးဗျာ.. မမြင်ရပေလို့ပေါ့ဗျာ.. မြင်ရရင်လည်း အသက်ပါထွက်သွားမလား
မပြောတတ်ဘူး.. ကျုပ်လက်စွပ်ကို တစ်ချက်ငုံ့ကြည့်ပြီး သူ့ကိုလှမ်းကြည့်လိုက်တယ်..
" နင့်ဟာ မဟုတ်ဘူး.. တရုတ်ဟာ.. ပေး.. "
အသံကြီးက ပီပီသသမဟုတ်ဘူးဗျ.. ၀ါးဝါးကြီးပဲ.. ဒါပေမယ့် သူပြောတာကို နားတော့လည်ပါတယ်.. ကျုပ်ချက်ချင်းပဲ လှမ်းပစ်လိုက်တယ်.. စောစောကလိုပဲ လေထဲမျာ ခုန်ပြီးဖမ်းလိုက်တယ်.. ပြီးတော့ အဲဒီ ဖြူဖြူကြီးက မြေကြီးပေါ်ကို ပြန်မကျတော့ဘူးဗျ.. လေထဲမှာတင် ပျောက်သွားတယ်.. ကျုပ်ကိုတောင် အေးစက်နေတဲ့လေတွေ ဟပ်သွားတယ်ဗျ.. ကျုပ်လည်း နောက်ပြန်လှည့်ပြီး သချိုင်းအ၀ကို စွတ်ပြေးတော့တာပေါ့ဗျာ..
" ၀ူးး ၀ူးးးးးး ၀ူးးးးးးး ၀ူးးးးးးးးးးးးး "
ဆွဲဆွဲငင်ငင်အူနေတဲ့ ခွေးအူသံကြီးက တဖြေးဖြေးဝေးသွားသလိုပဲဗျ.. ကျုပ်လည်း အသက်လုပြေးရတော့တာပေါ့ဗျာ.. ကိုကြီးဘစိန် ဘာဖြစ်တယ် မသိဘူးဗျာ. သူ့ကိုလည်း
ပြန်မကြည့်ဝံ့တော့ဘူးဗျို့.. ထနောင်းကုန်းကိုပြန်ရောက်တော့မှပဲ.. ကျုပ်ခါးက ခါးထောင်းကျိုက်ကြီးကို ဖြုတ်ချလိုက်ရတယ်ဗျို့..
ကျုပ်လည်း မန်ကျည်းပင်ကြီးတစ်ပင်နောက်မှာ အသာဝင်ထိုင်ပြီး အမောဖြေရတော့တာပေါ့ဗျာ.. ပြီးတော့မှ မျက်နှာက ချွေးသီးချွေးပေါက်တွေသုတ်ပြီး ပွဲဈေးတန်းဘက်ကို ဟန်မပျက် လျှောက်လာခဲ့ရတယ်.. တရုတ်အပိန်ရဲ့ ခေါက်ဆွဲကြော်ဆိုင်ထဲ တန်းဝင်လိုက်ပြီး
" ဟေ့.. ကိုပိန်.. ကျုပ်ကို ရမ်သုံးပက်နဲ့ ဆော်ဒါတစ်လုံးပေးဗျာ.. ရေခဲရော ရသေးလား.. "
" ဟာ.. ရတာပေါ့ တာတေရ.. မင်းလည်း အခုမှပဲ ရောက်လာတော့တယ်.. ဘာလဲ. .အလုပ်များနေလို့လား.. "
" ဟုတ်ပဗျာ.. ကိုပိန်ရာ.. ဒီနှစ် ပရိတ်သတ်က ပိုများတော့ ပိုထိမ်းပေးရတာပေါ့ဗျာ.. ခင်ဗျားရော.. ဒီနှစ်တော်တော်ရောင်းရရဲ့လား.. "
" ရောင်းရပါတယ်ကွာ.. အခုထိ လူပြည့်နေတာသာ ကြည့်လေ.. "
" ၀မ်းသာပါတယ်ဗျာ. .၀မ်းသာပါတယ်.. "
" ရော့ ရမ်နဲ့ ဆော်ဒါ.. ဒီမှာ ရေခဲတုံး.. ဟောဒါက အပိန်ကျွေးတာ အခေါက်ကင် .. ပိုက်ဆံမပေးနဲ့.. ရမ်ဖိုးပဲ ပေးခဲ့.. "
ကျုပ်လည်း အပိန်ချပေးတဲ့ ၇မ်နဲ့ဆော်ဒါရောပြီး ရေခဲတစ်တုံးထည့် တစ်ချက်တည်းမော့ပစ်လိုက်တယ်.. ပြီးတော့မှ အခေါက်ကင်ထိုင်စားတယ်.. နောက် နှစ်ပက်ထပ်သောက်တယ်..
" ဟာ.. ကိုကြီးတာတော.. ဘယ်ပျောက်သွားလဲလို့ .. ဒီမှာလာပြီး ဇိမ်ယစ်နေတာကိုးဗျ.. "
" ဟေ့ကောင်တွေ.. လာ.. ဘာသောက်မလဲ.. "
" မလာတော့ပါဘူး ကိုကြီးတာတေရာ.. ကျုပ်တို့က အပိန်ဆိုင်ကို ဒါသုံးခေါက်မြောက် လာတာ.. ဒီမှာပဲ ထိုင်မယ်.. ကိုကြီးတာတေ အရမ်းပင်ပန်းနေတာ ကျုပ်တို့သိပါတယ်.. အေးအေးဆေးဆေး နားပါ.. အားလုံးအေးအေးဆေးဆေးပါပဲ.. ပွဲလည်း ငြိမ်နေတာပါဗျာ.. "
" အေး.. အေး.. ကောင်းတယ်.. "
ကျုပ်မြင်ခဲ့ရတဲ့ သွေးပျက်စရာကိစ္စကြီးကို ထိုင်တွေးရင်း မနက် နှစ်နာရီထိုးလောက်မှာ ကျုပ်လည်း မူးလာတော့ ပွဲခင်းဘက်မသွားတော့ဘဲ အိမ်ကိုပဲ တန်းပြန်ခဲ့တယ်..
အိပ်ယာထဲမှာ ချက်ချင်း မအိပ်နိုင်သေးဘဲ လင်းအားကြီးကျမှ မှေးခနဲ အိပ်ပျော်သွားတယ်.. ပွဲပြီးသွားတာ လူတွေပြန်လာကြတာတွေ ကျုပ်ဘာမှ မသိတော့ဘူး.. ကျုပ်သိတာကတော့ မဖဲဝါဆိုတဲ့ အရိပ်ဖြူဖြူကြီးက ကျုပ်ရှေ့မှာ တဟီးဟီးရယ်နေတာကြီးကိုပဲ အိမ်မက်မက်နေတာဗျို့.. အဲဒီနေ့က ကျုပ် မနက် ဆယ်နာရီလောက်မှ အိပ်ယာက နိုးတယ်.. အဘနဲ့ အမေကလည်း ကျုပ်ကို မနှိုးကြဘူးဗျ.. ကျုပ် ဒီရက်တွေ သိပ်ပင်ပန်းနေမှန်း သိကြတာကိုး.. ကျုပ်အိပ်ယာကနိုးပြီး မျက်နှာပါသစ်ပြီးထွက်လာတော့ ကျုပ်တို့အိမ်မြောက်ဘက်ပိုင်းက အရီးရွှေမြနဲ့ အမေနဲ့ တိုးတိုးပြောနေကြတာတွေ့ရသဗျ.. ကျုပ်လည်း အသာ မသိမသာနားစွင့်ကြည့်ရတာပေါ့..
" ဟဲ့.. လူလေး ဒီကိုလာဦး ခဏ.."
ကျုပ် အမေ့နားရောက်တော့.. အမေက..
" နင်က ခုမှ အိပ်ယာကနိုးလို့ ဘာမှမသိသေးတာ.. တာတေရဲ့.. ရွာထဲမှာ ကျွတ်စိကျွတ်စိ ဖြစ်နေပြီ.. "
" ဟင်.. ဘာဖြစ်လို့တုံးဗျ.. "
" ဘိန်းစားဘစိန်ကြီး သေပြီဟဲ့.. "
" ဟင်.. ကိုကြီးဘစိန်က ဘာဖြစ်လို့တုံး.. ညကလည်း ကျုပ်ရှိနေတာပဲ.. ရန်တွေဘာတွေဖြစ်သံ မကြားပါဘူး.. "
" ရန်ဖြစ်တာ မဟုတ်ဘူးဟဲ့.. ဘန့်ဘွေးကုန်း သုသာန်မှာ တရုတ်ဂူဖောက်တာတဲ့ဟေ့.. အဲဒါ သရဲ ဂုတ်ချိုးသတ်တာတဲ့.. ပါးစပ်ကြီးထဲမှာလည်း အမဲသားတုံးကြီးတစ်တုံး ငုံလို့တဲ့.. ဂုတ်ကြီးက ကျိုးပြီးသေနေတာတဲ့.. လူတွေ တစ်ရွာလုံး သွားကြည့်ကြလို့ ရွာထဲလူတောင် မကျန်တော့ဘူး.. နင်လည်း သွားကြည့်ချင် သွားကြည့်ချေပေါ့.. "
" ဟဲ့.. ငွေစိန်.. မရှိတော့ဘူး. .ပုလိပ်တွေ အလောင်း သယ်သွားပြီတဲ့.. မြို့ကို ပို့ရမှာဆိုပဲ.. "
" ဟင်.. ဟုတ်လား အရီး.. သယ်သွားပြီတဲ့လား.. ကိုကြီးဘစိန်က ဘာဖြစ်လို့ ဂူဖောက်ရတာတုံးဗျ.. "
" ဟဲ့ တာတေရဲ့.. ဘစိန်က ဘိန်းစားပဲဟဲ့.. သူ့မှာ ဘိန်းက မစားဘဲနေလို့ရတော့တာ မဟုတ်ဘူး.. ဘိန်းဖိုးပြတ်ရင် မရ ရတဲ့နည်းနဲ့ ရှာရမှာပဲပေါ့.. ရွာပြန်ရောက်တာ နှစ်ရက်လားရှိသေးတာ တဲ့.."
" အော်.. ဘိန်းစားဘစိန် ခုတော့ ဇာတ်သိမ်းသွားပြီပေါ့.. ဆံပင်ညှပ်တာလက်ရာကလေးကောင်းရဲ့သားနဲ့ ဒီဘိန်းသွားစားလို့ နာမည်လည်းပျက် .. ခုတော့ ဘိန်းဖိုးရှာရင်း သရဲဂုတ်ချိုါ်သတ်ခံလိုက်ရတာပေါ့လေ.. "
ကျုပ်လည်း အမေတို့နှစ်ယောက် ပြောဆိုနေတာတွေ ဆက်ပြီး မကြားချင်တော့တာနဲ့ ရွာထဲကထွက်လာခဲ့တယ်..
" ကိုကြီးတာတေ. ခုမှနိုးတာလား.. "
" ဒါဆို ဘိန်းစားဘစိန်ကြီး သတင်းမကြားရသေးဘူးပေါ့.. "
" ကြားပြီးပါပြီကွာ.. အိမ်မှာ အရီးရွှေမြနဲ့ အမေတို့ ပြောနေကြတာ ငါကြားပြီးပါပြီ.. "
" ဘိန်းစားဘစိန် ဂူဖောက်တာဗျ.. သရဲဂုတ်ချိုးသတ်ခံလိုက်ရတာ.. သူ့ပါးစပ်ထဲမှာလည်း အမဲသားတုံးကြီးရော ထမင်းစေ့တွေရော ငုံထားဆိုပဲဗျ.. ပုလိပ်က ဂူပေါ်တက်ကြည့်တော့ ဂူပေါ်မှာ ငှက်ပျောဖက်ကြီးနဲ့ ထမင်းတွေ အမဲသားဟင်းတွေ တွေ့တယ်တဲ့ဗျ.. ကျုပ်တို့သွားကြည့်တော့ ဂူဘေးမှာ မှီလျက်သားကြီး သေနေတာဗျ.. ဇတ်ကြီး ကျိုးကျနေတယ်.. ခါးထောင်းကြီးကလည်း ကျိုက်ထားသေးတယ်ဗျ.. "
ငပြူးက သူသွားကြည့်ခဲ့တာတွေကို ကျုပ်ကို တစ်လုံးမကျန်ပြန်ပြောပြတယ်.. ပုလိပ်တွေက တခြားဘယ်သူပါသေးလဲဆိုတာ စုံစမ်းနေတယ်တဲ့.. ဒါပေမယ့် အဲဒီညက ဘိန်းစားဘစိန်နဲ့အတူတူ ကျုပ်ပါတယ်ဆိုတာ ဒီကနေ့ထိ ဘယ်သူမှ မသိကြပါဘူးဗျာ..
အဲ.. ခင်ဗျားတစ်ယောက်က လွဲရင်ပေါ့လေ..
ဇာတ်လမ်း... ကိုယ်တွေ့ မဖဲဝါ
မူရင်းရေးသားသူ.... တာတေ
ပြန်လည်ရေးသားတင်ဆက်ပေးသူ... အက်တမင် Min Ma Naing
No comments:
Post a Comment