♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 5, 2015

" ကျိုက်ထီးရိုးဘုရားမှ ဂေါပကအဖွဲ့နှင့် ကန် - ထ - ရိုက် များသို့ မခံနိုင်လွန်းလို့ ရင်ထဲရှိသမျှ အကုန်ပြောပါရစေ "

မှတ်မှတ်ရရ ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၃ဝ ရက် အင်္ဂါနေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက် ထိုမြို့နယ်အတွင်းတည်ထားကိုးကွယ်ထားရှိသော ကျိုက် ထီးရိုးဘုရားသို့ ကျွန်တော့်မိသားစုနှင့်အတူ ဘုရားဖူး ရောက်ရှိခဲ့ပါသည်။ ကျိုက်ထီးရိုးဘုရားကို ဖူးမြော်ရ ခြင်းမှာ ဗုဒ္ဓဘာသာဝင်များအဖို့ ဂုဏ်ယူစရာ၊ အံ့သြ စရာများအပြင် ကြည်ညိုကုသိုလ်ပွားစရာ ဘုရားကြီး တစ်ဆူ လည်းဖြစ်ပါသည်။

ဂုဏ်ယူစရာဆိုသည်မှာ စေတီတော်တည်ထားရာ အထက်ကျောက်တုံးကြီးမှာ တန် ၆ဝဝ ခန့် (၆၁၁ တန်) ရှိသည်ဟု ဆိုပါသည်။ အောက်ခံကျောက်တိုင် (ကျောက် တုံး) ကြီးအပေါ်သို့ သက်ရောက်သည့်အလေးချိန်မှာ သုညဒသမ၅ Ton per sq inch(စတုရန်းတစ်လက်မလျှင် သုညဒသမ၅တန်) ရှိကြောင်း လေ့လာသိရှိရပါသည်။

ဤကျောက်တုံးနှင့် အောက်ခံကျောက်တိုင်ကြီးသည် ဂေါ့ရှကော့ (Gorsh Kov) ၏ မြန်မာပြည်ငလျင်လှုပ် အားတူရပ်ဝန်းများပြမြေပုံအရ I.P.E (Institude of Physics of the Earth) (7) ရှိ ငလျင်ဒဏ်ကို မကြာ ခဏခံရကြောင်း သိရှိရပါသည်။

ထို (I.P.E 7) ငလျင် သည် အလွန်ပြင်းထန်သည်ဟုဆိုပါသည်။ သို့သော် ယင်း အခြေအနေများကို ဖြတ်ကျော်ခဲ့သည်မှာ နှစ်ပေါင်း ၂၄ဝဝ ကျော်ခဲ့ပြီဖြစ်ပါသည်။ ဘူမိဗေဒပညာရှင်တို့၏ စူးစမ်း လေ့လာမှုအရ မဖြစ်နိုင်သော အခြေအနေတွင် တည် ရှိနေခြင်းကပင် ဆံတော်ရှင်ကျိုက်ထီးရိုးသည် ဗုဒ္ဓဘာသာ ဝင်များအဖို့ ဂုဏ်ယူစရာပင်ဖြစ်ပါသည်။

တည်ရှိနေပုံထူးဆန်းသည့်အပြင် အံ့သြစရာအချက် မှာ ၁၉၇၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ငလျင်ကြီးပြင်းပြင်း

ထန်ထန်လှုပ်ခဲ့ပါသည်။ ထိုငလျင်ကြောင့် ပုဂံဒေသရှိ စေတီပုထိုးအတော်များများ ပြိုပျက်ခဲ့ရ၏။ ရွှေတိဂုံ စေတီတော်မြတ်ကြီးပင် ထီးတော်တိမ်းစောင်းခဲ့သည်ဟု လူ သိများခဲ့၏။

အံ့ဖွယ်အချက်မှာ ကျိုက်ထီးရိုးစေတီတော် မြတ်ကြီးမှာ မည်သို့မျှမဖြစ်ခဲ့ပါ။ အောက်ခံကျောက်တုံး ကြီးနှင့်ဆံတော်ရှင်တည်ရှိရာ အထက်ကျောက်တုံးကြီး တို့သည် မထိသောကြောင့် (ထိဆက်မနေသောကြောင့်) သာလျှင် ငလျင်ဒဏ်ကို အန္တရာယ်ကင်းစွာလွတ်လွတ် ကျွတ်ကျွတ်ကြီးရပ်တည်တော်မူခဲ့ကြောင်း လူအများက ပြောဆိုပူဇော်ခဲ့ကြပါသည်။

ထိုအချက်ကို နိုင်ငံခြားသား များကပင် သိပါသည်။ ထို့ကြောင့်ပင်လျှင် ၁၉၃၁ ခုနှစ် ကတည်းက Burma Gazetteer တွင် ''ကျောက်တုံး ကြီးတည်နေပုံမှာ အံ့ဖွယ်တစ်ပါးဖြစ်သည်။ လေပြင်း ပြင်းတိုက်လျှင် ကျောက်တုံးကြီးမှာ တစ်ဖက်ချောက်ထဲ သို့ လိမ့်ကျဖွယ်ရှိသော်လည်း သဘာဝဆန့်ကျင်သည့် နိယာမ အကြောင်းတစ်ရပ်က ကျောက်တုံးကြီးကျမသွား အောင် ရာစုနှစ်ပေါင်းများစွာ ထိန်းသိမ်းထားနိုင်ခဲ့သည် ဆိုခြင်းမှာ အံ့ဖွယ်တစ်ပါးဖြစ်ပါသည်။

ကြည်ညိုစရာဆိုသည်မှာ ဆံတော်မြတ်တည်ရှိပုံ သမိုင်းကြောင်း နေရာရွေးချယ်တည်ထားမှု၊ ပတ်ဝန်း ကျင်ရာသီဥတုအခြေအနေ၊ သဘာဝတောတောင်စိမ့် စမ်းများတည်ရှိမှု၊ ကျေးငှက်များ နားခိုပျော်ရွှင်နိုင်မှုတို့နှင့် ဧကန်စင်စစ်ဗုဒ္ဓဘုရားရှင်၏ ဆံတော်ရှင်တန်ခိုးတော် ကြောင့်ဖြစ်သည် ဟူသောအချက်သည် သာသနာတော် နှစ် ၅ဝဝဝမက ရှည်ကြာစေသော ကြည်ညိုစရာတန်ခိုး တော်ကြောင့်ဆိုသည်မှာ ယုံမှားဖွယ်ရာမရှိပါပေ။

ဗုဒ္ဓဘာသာဝင်များအတွက် ထိုသို့သောဂုဏ်ယူအံ့ သြကြည်ညိုစရာများစွာနှင့် ပြည့်စုံနေသော စေတီမြတ် တစ်ဆူအား စေတီတော်ပတ်ဝန်းကျင်တွင် ရုပ်ဆိုးအ ကျည်းတန်စေသော ဖြစ်ရပ်များစွာရှိနေပါသောကြောင့် ဂေါ ပကအဖွဲ့နှင့် ကန်ထရိုက်များသို့ ဤဆောင်းပါးဖြင့် တင်ပြရခြင်းဖြစ်ပါသည်။

ကင်ပွန်းစခန်းမှ ကားဖြင့်စတက်ပါက ပထမဦးစွာ ၁ဝ မိနစ် စခန်းသို့ရောက်ပါသည်။ ကားပေါ်ပါလာသော လူဦးရေစစ်ခြင်း၊ အဆင်းကားကိုစောင့်ဆိုင်းခြင်း၊ အလှူ ခံများမှ အလှူခံခြင်းတို့ ဆောင်ရွက်ပါသည်။

အလှူခံတစ်ဦးမှ

''ကားခေါင်းခန်းမှ စီးနင်းလိုက်ပါလာသော ဘုရား ဖူးများခင်ဗျာ..။ ကျွန်တော်တို့ ကျိုက်ထီးရိုးကားလမ်း ပြုပြင်ရန်အတွက်အလှူခံပါသည်။ ယခင်ရောဘုရားဖူး ရောက်ဖူးပါသလား''။

ကျွန်တော်မှ

''ရောက်ဖူးပါတယ်ခင်ဗျာ''

ကားလမ်းဘယ်လိုရှိပါသလဲ ''ကောင်းပါတယ်ခင် ဗျာ''

ကားလမ်းပြုပြင်ရန်အတွက် ဘိလပ်မြေတစ်အိတ် --- ကျပ်၊ သဲတစ်ကျင်း---ကျပ်၊ အုတ်ခဲတစ်လုံး ---- ကျပ်ဖြစ်ပါတယ်ဆိုပြီး အလှူခံနေ၍ ကျွန်တော်မှဇနီး အား ''ဘိလပ်မြေတစ်အိတ်လှူကြစို့ကွာ''ဟုဆိုရာ ဇနီးမှ ကျပ် ၅ဝဝဝ တန်တစ်ရွက်ပေးလှူခဲ့ပါသည်။

သို့သော် ထိုအလှူခံပုဂ္ဂိုလ်မှာ အနားမှမခွာသေးဘဲ ''ကျွန်တော် တို့က သဲလိုနေတာ''ဟုထပ်မံအထွန့်တက်ပြန်ရာ ကျွန် တော်မှ ''ဘိလပ်မြေဆိုတော်ပါပြီခင်ဗျာ''ဟု စကားပိတ် ခဲ့ရ၏။

စိတ်ထဲတွင်တော့ အရှင်ဆေကိန္ဒတရားဟောသလို ''ကိုယ်စွမ်းသမျှကိုယ်လှူခြင်း'' အား ဓားပြတိုက်သလို အလှူ ခံနေခြင်းအတွက် စိတ်ထင့်ခဲ့ရခြင်းဖြစ်ပြီး ဘိလပ်မြေ လှူသည့် ကုသိုလ်ပင် သာဓုမခေါ်လိုက်ရပါပေ။ စုံစမ်း ကြည့်ရာ ကားလိုင်းများမှ လမ်းကြေးကောက်ခံထားပြီး ဖြစ်သော ကန်ထရိုက်များမှ ထပ်မံ အလှူခံခြင်းဟု စုံစမ်း သိရှိရပါသည်။

ထိုမှကားဖြင့် ဘုရားမုခ်ဦးသို့ရောက်ရှိရာ ပစ္စည်း များအား အထမ်း သမားငှားရမ်း၍ သယ်ယူခဲ့ပါသည်။ မုခ်ဦးအဝတွင် ကျွန်တော်တို့၏ အထမ်းသမားအား အထုပ်များကို တစ်ခုချင်းဖြေ၍ မိုင်းစစ်ဆေးခြင်းကို ခံရပါသည်။ ဘုရားလုံခြုံရေးအတွက် မိုင်းရှာခြင်းသည် အလွန်ကောင်းမွန်သော လုံခြုံရေးစီမံချက်ဖြစ်ပါသည်။

သို့သော်ခရီးသည်အားလုံး၏ ပစ္စည်းများ၊ စားသောက် ကုန်များ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ ဘိလပ်မြေအိတ်များကို ရှာဖွေခြင်းမပြုဘဲ ကျွန်တော် တို့၏ အိတ်များကိုသာ ရွေးချယ်ရှာဖွေခြင်းဖြစ်ပါသည်။

ကျွန်တော်မှ

''ဆရာတို့မိုင်းရှာကိရိယာမရှိဘူးလား'' ဟုမေးရာ တာဝန်ကျရဲတပ်ကြပ်မှ ''မရှိပါဘူး'' ဟုဖြေပါသည်။

''အခြားဘုရားဖူးများ၏ ပစ္စည်းများ၊ ဘိလပ်မြေအိတ်၊ သဲအိတ်၊ စားသောက်ကုန်များကိုရော မစစ်ဆေးဘူးလား'' ဟုမေးရာထိုတာဝန်ကျရဲတပ်ကြပ်မှာ ရယ်ကျဲကျဲဖြင့် မသိ ချင်ယောင်ဆောင်နေပါသည်။

၎င်းတို့ဆောင်ရွက်နေပုံ မှာ ၄င်းတို့အထက်အရာရှိရောက်ရှိစဉ် အလုပ်ပြသည့် သဘောဖြင့် စစ်ချင်ယောင်(အလုပ်လုပ်ချင်ယောင်) ဆောင်နေခြင်း၊ အလုပ်လုပ်ပြခြင်းသဘောသာဖြစ်နေ ပြီး လုံခြုံရေးအရထိရောက်မှုမရှိခြင်း၊ တာဝန်ကျေ ဆောင်ရွက်နေခြင်းအတွက် စိတ်မသက်မသာဖြစ်ခဲ့ရ ပြန်ပါသည်။

ထိုည ၈နာရီခန့်ဘုရားကြီးသို့ (သိရသာနမာမိ) ဦးခေါင်းဖြင့် အနီးကပ်ရှိခိုးရန် တစ်ပေါက်တည်းသာရှိ သော၊ ယောက်ျားများသာဝင်ခွင့်ရှိသော စေတီအဝင်ပေါက် ငယ်မှတစ်ဆင့် ဝင်ရောက်ခဲ့ရာတွင် ဘုရားလုံခြုံရေးမှ (ရဲမဟုတ်ပါ) တယ်လီဖုန်း၊ I Pad များထားခဲ့ရမည်ဆို၏။

၎င်းလုံခြုံရေးအား ခဏအပ်ခဲ့ပါမည်။ လက်ခံ၍ရပါ သလားဆိုရာ ရပါတယ်အပ်ခဲ့ပါဆို၍ ခေတ္တအပ်နှံခဲ့ပါ သည်။ လုံခြုံရေးတစ်ယောက်က ''ဒီအပေါက်ကပဲ ပြန် ထွက်မှာလား'' ဟုမေးရာ ကျွန်တော်က ရုတ်တရက်အံ့ အားသင့်သွားခဲ့ရပြီး ''ဒီတစ်ပေါက်ပဲရှိတာ၊ ဒီအပေါက် ကပြန်မထွက်ရလို့ ဘယ်ကပြန်ထွက်သွားရမှာလဲ၊ အောက် ချောက်ထဲခုန်ချရမှာလား၊ ဟုပြန်ပြောတော့မှ ထိုလုံခြုံ ရေးမှာ ''ဟဲဟဲဟီးဟီး'' ဟုရယ်ဖြဲဖြဲဖြင့် မသိချင်ယောင် ဆောင်နေတော့၏။ အတူပါလာသူမှ ''လုံခြုံရေးတွေ ဆီက အညှီနံ့ရတယ်။ နည်းနည်းမူးနေတယ်နဲ့တူတယ်'' ဟုဆိုသဖြင့် စိတ်မချမ်းမသာဖြစ်ခဲ့ရပြန်ပါသည်။

ထို့နောက် ဘုရားမြောက်ဘက်ရှိ ရှိခိုးဝတ်ပြုရန် ဆောက်လုပ်ထားသော မှန်ကာတန်ဆောင်းထဲတွင် ဝတ် ပြုရန်နေရာယူခဲ့ပါသည်။

ထိုတန်ဆောင်းထဲတွင် ညာ ဘက်အစွန်ဆုံးနေရာအား ရဟန်းသံဃာတော်များ အတွက် သီးသန့်သတ်မှတ်ပေးထားရာ အလွန်သင့်လျော်ပါသည်။

အလယ်တည့်တည့်နေရာမှာ VIP နေရာအဖြစ် စတီး လက်ရန်းငယ်များဖြင့် သုံးဘက် ကာရံထားပြီး မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင် တပ်ကြပ်တစ်ဦး တာဝန်ကျနေပါသည်။

ဘယ်ဘက်အစွန်ဆုံးတွင် သာမန်ပြည်သူများအတွက် ဖြစ်၍ ထိုနေရာတွင်ပင်နေရာယူခဲ့ခြင်းဖြစ်ပါသည်။ ဘုရား ကန်တော့၍ ၁ဝမိနစ်ခန့်ရောက်ရှိစဉ်မှာပင် နောက်နား မှ အိုက်ကွန်(စကားပြောစက်ငယ်) ကို အဝင်/အထွက် အသံကုန်ချဲ့၍ ဆက်သွယ်မှုယူနေသော လုံခြုံရေးရဲ အသံကို ကျယ်လောင်စွာကြားခဲ့ရပါတော့သည်။ ကျယ် လောင်စွာဆိုသည်မှာ အဝင်အထွက်အသံကို အကျယ် ဆုံးသို့ချဲ့ထားပြီး ကျယ်လောင်စွာအော်ဟစ်ပြောဆိုနေ ခြင်းဖြစ်ပါသည်။

ဤဘုရားဖူးများဝတ်ပြုနေခြင်းကို မေ့ လျော့နေဟန်တူပါသည်။ ထိုရဲတပ်ကြပ်မှ ''ရထားပါ၊ သုံးငါးပါ၊ ကိုးခြောက်ပါ၊ ငါးခြောက်ပါ၊ အသင့်ပါ''ဆို သောစကားများကိုသာ ထပ်ခါထပ်ခါကြားနေခဲ့ရပြီး မကြာမီ VIP ဆိုသောပုဂ္ဂိုလ်ကြီး (အသက်ငယ်ငယ်) များ အဖွဲ့ရောက်လာရာ ထိုရဲမှ VIP များအတွက် သီးသန့်ကာ ရံထားသောစတီးလက်ရန်းငယ်နောက်ပေါက်ကို ဖယ် ပေးပါသည်။

ဘုရားဝတ်ပြုနေရင်းမေတ္တာပွားမိတာက တော့ ''ကိုယ်ကလွဲရင် ဗွီအိုင်ပီချည့်ပါလား၊ ဘုရားကိုယုံ ကြည်လို့ ရှိခိုးတာချင်းအတူတူ VIP နေရာ၊ VIP အချိန်၊VIP ဘုရားရှိခိုးနည်းသီးခြားရှိမယ်ထင်ပါရဲ့။ ရောက်လေရာဘဝတိုင်းမှာ VIP ဖြစ်ရပါလို၏''ဟု မေတ္တာပွား ဆုတောင်းမိပါသည်။

ကျွန်တော်တို့မိသားစုတစ်ညတာတည်းခိုသည်မှာ ဘုရားအနောက်ဘက် ဘုရားနှင့်အနီးဆုံးရှိ ''ရိုးရိုးလေး ၂''ဟု အမည်တပ်ထားသော တည်းခိုခန်းမက ဟိုတယ် မကျနေရာဖြစ်ပါသည်။ တည်ခိုခန်း Facility နှင့်ပတ် သက်၍ မဝေဖန်လိုသော်လည်း ဘုရားကြီးနှင့်အနီးဆုံး နေရာများတွင် ဟိုတယ် အဆောင်အထပ်မြင့်များကို အသစ်ထပ်မံဆောက်လုပ်နေခြင်းဖြစ်ပါသည်။

ထိုသို့ ဆောက်လုပ်နေခြင်းကြောင့် ဆောက်လုပ်စဉ်တုန်ခါမှု များကြောင့်လည်းကောင်း၊ အဆောက်အအုံများ၏အ လေးချိန်ကြောင့်လည်းကောင်း၊ တည်းခိုသူများ၏ ရေ၊ မီး၊ မိလ္လာကိစ္စများကြောင့်လည်းကောင်း ဤစေတီရှိရာ တောင်အား သွယ်ဝိုက်ထိခိုက်မှုများဖြစ်လာနိုင်ပါသည်။

''မည်သူတွေက မည်သည့်အဆင့်က မည်သည့်ဘုတ်အ ဖွဲ့က ဤသို့မြေစမ်းသပ်ပြီး၊ ဘုရားကြီးတည်တံ့ရေး ရေ ရှည်အကျိုးမျှော်ကိုးပြီး ခွင့်ပြုချက်ချပေးနေသည်ကို တော့မသိပါ''ရင်ပြင်တော်အပါအဝင် အောက်ခံကျောက် တုံးကြီး၏ ကြံ့ခိုင်မှု၊ ဘုရားကြီးသပ်ရပ်သန့်ရှင်းမှုတို့အတွက် ဘုရားကြီးနှင့်အနီးဆုံးနေရာတွင် အလေးချိန်များ စွာရှိသော ဟိုတယ်များ ထပ်မံတိုးချဲ့ဆောက်လုပ်ခွင့် မပြုသင့်ဟု ထင်မြင်မိပါသည်။

အရှေ့ဘက်ဘုရားမုခ်ဦး ဝင်ပေါက်ဘက်ရှိ ကျိုက်ထိုဟိုတယ်ဘက်တွင် ဆောက် လုပ်ခြင်းအား ကန့်ကွက်ရန်မရှိသော်လည်းဘဲ ဘုရား ကုန်းတော်နှင့် အနီးဆုံးနေရာတွင် ဆောက်လုပ်ခွင့်ပြုသူ များ၊ ဆောက်လုပ်နေသူများကိုတော့ များစွာအံ့သြခြင်း ဖြစ်မိပါသည်။ ဘုရားကြီးမှာ ဝတ္ထုငွေထိုမျှလိုအပ်မည် မဟုတ်ပါ။ တစ်ခေတ်တစ်ခါက ကြောက်ရွံ့၍ခွင့်ပြုခဲ့ရ သော သီဟဆောင်ပင်လျှင် ရင်ပြင်တော်မှ ဖယ်ရှားသင့် ပေပြီ။ VIP အတွက်ဆိုပါက တိဿဆောင်တွင်ပင်နေရာ ပြင်ဆင်ချထားပေးသင့်ပါသည်။ ထိုသို့သီဟဆောင်ဖယ် ရှားမှသာလျှင် တိုးပွားလာသောဘုရားဖူးဦးရေနှင့် ရင်ပြင် တော်အကျယ် လိုက်ဖက်ညီပါမည်။ ရင်ပြင်တော်ရှိ သီဟ အဆောင်တွင် လူကြီးများ မိလ္လာစွန့်သည်မှာလည်း မည် သို့မျှသင့်လျော်မှုမရှိပါပေ။ ဘုရားကားအောက် လူကား အထက်ဖြစ်နေပေသည်။ အမြင်မတော်လှဟုထင်ပါသည်။

နောက်တစ်ချက်မှာ ထမင်းစားဆိုင်များမှ ဘုရား ဖူးများအားဣနြေ္ဒပျက်စွာဖြင့် အမျိုးသမီးငယ်များအုပ်စု လိုက် ဆူညံစွာအော်ဟစ်လူခေါ်နေခြင်းပင်ဖြစ်ပါသည်။

မြန်မာ့ယဉ်ကျေးမှုနှင့်လည်းကောင်း၊ နိုင်ငံခြားသားများ အမြင်တွင်လည်းကောင်း မည်သို့မျှမတင့်တယ်ပါချေ။ ဘုရားဖူးပြည်သူများ မိမိကြိုက်ရာဆိုင်တွင် ရွေးချယ်ဝယ် ယူစားသောက်ကြမည်ဖြစ်ရာ ထိုသို့အော်ဟစ်ခေါ်ယူနေ ခြင်းကြောင့် ခြေလှမ်းများမှားပြီး မျက်နှာမထားတတ် အောင်ပင်ဖြစ်မိပါသည်။ ဂေါပကတွင် တာဝန်ရှိမည်ထင် ပါသည်။

အရုဏ်ဆွမ်းနေ့ဆွမ်းလှူသောလှူဖွယ်များကို အလှူ ရှင်မပြန်မီ ဘုရားလုံခြုံရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ က ဘုရားဖူးများရှေ့မှောက်တွင် ယူစားနေသော ကိစ္စ များလည်း အမြင်တင့်တယ်စရာမရှိပါပေ။ အကယ်၍ စားလိုပါက အချိန်စောင့်ဆိုင်းပြီး မမြင်ကွယ်ရာတစ်နေ ရာသို့ ယူဆောင် စားသောက်သင့်ပါသည်။ ပိုသည့်အစား အသောက်များကို အထမ်းသမားများသို့ ဝေငှသင့်ပါသည်။

ဗုဒ္ဓဘာသာထွန်းကားရာ မြန်မာပြည်အနှံ့မြတ်ဗုဒ္ဓ ၏ စေတီ၊ ပုထိုး၊ ရုပ်ပွားတော်၊ အထိမ်းအမှတ်များရှိ နေခြင်းကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ တည်း ခိုနေထိုင်ရေးလုပ်ငန်းများ၊ စားသောက်ဆိုင်များ၊ အထိမ်း အမှတ် ပစ္စည်းအရောင်းဆိုင်များ၊ လုံခြုံရေးဝန်ထမ်းများ စသဖြင့် လူတို့ အလုပ်များစွာရရှိကြခြင်းဖြစ်ပါသည်။

''လူတွေက ဘုရားစေတီများကိုအလုပ်အကျွေးပြုနေတာ လား၊ ဂေါတမမြတ်စွာဗုဒ္ဓက လူတွေစားဝတ်နေရေး အဆင်ပြေအောင် အလုပ်အကျွေးပြုနေတာလား၊ ဆို တာ စဉ်းစားစရာဖြစ်လာရပေသည်။

လူတွေစည်းမဲ့ကမ်းမဲ့နိုင်မှု၊ မဆင်မခြင်ဆောင်ရွက်မှု၊ ကိုယ်ကျင့်သိက္ခာ ယိမ်းယိုင်မှု၊ စီးပွားရေးလောဘဇော တိုက်မှုတို့ကြောင့် ဘုရားများ၏ ကြံ့ခိုင်မှုကို မေ့လျော့ နေကြပေသည်။

ကျိုက်ထီးရိုးဘုရားတည်စက စေတီတည်ရှိရာ ကျောက်တုံးနှင့် အောက်ကျောက်တိုင်

အကွာအဝေးမှာ ကြက်မတစ်ဝပ်စာ၊ ထို့နောက်ခါတစ်ဝပ်စာ၊ နောက်စာတစ် ဝပ်စာမှ ယခုအပ်ချည်မျှင်လွတ်ရုံရှိသော ဘုရားကြီးမှာ ထပ်မံ၍ (မပြောကောင်းမဆိုကောင်း) အပေါ်အောက် ထိစပ်သွားပါက မြတ်စွာဘုရား၏တန်ခိုးတော်များယုတ် လျော့လာခြင်းမဟုတ်ဘဲ လူတို့၏လောဘကြီးမှုများနှင့် စည်းကမ်းမဲ့မှုများကြောင့်သာ ဖြစ်ပါချေတော့မည်။

‪‎Democracytoday‬

Credit : http://newmyanmarpyi.blogspot.co.uk/2014/10/blog-post_783.html

No comments:

Subscribe

လာလည်သူများ

free counters