♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 2, 2016

'‘ဟန်သီသင်လာတဲ့ အနုပညာကို ချပြချင်ပါတယ် ဟန်သီ့ကို အနုပညာလောကကနေ ကြိုဆိုကြမယ်ဆိုရင်တော့ ဟန်သီ အရမ်းပျော်မှာပါ’’

မြန်မာပြည် အနုပညာလုပ်ငန်းများ၊ ပရိသတ်များနှင့် အချိန်တစ်နှစ်ခန့်ဝေးကွာခဲ့ပြီး အမေရိကတွင် ပညာသင်ကြားခဲ့သည့်မော်ဒယ် ဟန်သီ၏ ပြည်ပ၌ ပညာသင်ကြားခဲ့သည့် အတွေ့အကြုံအချို့ကို မေးမြန်းခဲ့ပါသည်။

ဟန်သီသည် ဇွန်လ ၁၀ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပြီး အနုပညာလုပ်ငန်းများကိုလည်း ပြန်လည်လုပ်ကိုင်တော့မည်ဖြစ်သည်။ ရေရှည်တွင် အောင်မြင်သည့် အဆိုတော်နှင့် သရုပ်ဆောင်တစ်ယောက် အဖြစ် ရပ်တည်သွားရန် ဆန္ဒရှိသည့် ဟန်သီ၏ ရင်တွင်းစကားများကို ဖော်ပြလိုက်ပါသည်။

ဟန်သီရဲ့ အမေရိကမှာ ကျောင်းတက်ခဲ့တဲ့ အတွေ့အကြုံတွေကို ဝေမျှပေးပါဦး။
အမေရိကမှာ ကျောင်းတက်ရတာ ရောက်စကနေ ခြောက်လအထိ မေမေက လိုက်စောင့်ပေးလို့ စားရေးသောက်ရေးက အဆင်ပြေပါတယ်။ ရောက်စက နယူးဂျာစီကနေ မြို့ထဲအထိ ကျောင်းတက်ရတော့ သွားရေးလာရေး အခက်အခဲရှိတော့ တစ်လခွဲလောက်နေပြီး ကွင်းစ်ကို ပြောင်းလာပါတယ်။ မြန်မာလူမျိုးပိုင်အိမ်မှာနေရတော့ မြန်မာအစားအစာ ပဲပြုတ်ကအစ  အိမ်ရှင်က စီစဉ်ပေးတဲ့အပြင် အခန်းဖော်တွေကလည်း မြန်မာလူမျိုးတွေ ဆိုတော့
နေရထိုင်ရတာ အဆင်ပြေပါတယ်။ Subwayနဲ့လည်း နီးတော့ သွားရတာလည်း  အဆင်ပြေပါတယ်။ ဟန်သီ့ကျောင်းက BatteryPark မှာဆိုတော့ ရထား နှစ်ဆင့်တော့ ပြောင်းစီးရပါတယ်။ ကျောင်းက တနင်္ဂနွေနဲ့ တနင်္လာ
ပိတ်ပါတယ်။ စနေနေ့ တစ်ခါတလေ ရထားမလာတတ်လို့ စိတ်ရှုပ်ရတာ တွေတော့ ရှိခဲ့တယ်။

ညီမလေးသင်ကြားခဲ့တဲ့ ပညာရပ်တွေ အကြောင်းလည်း ပြောပြပေးပါ။
ကျောင်းက တစ်နှစ်သင်တန်း Acting For Film ဘာသာရပ်ကို New York Film Academy မှာ
တက်ရောက်နေတာပါ။ သင်တန်း ကာလက ရှစ်လပါ။ ပထမလေး လမှာတော့ အခြေခံကစပြီး သင်ကြားပေးတာ ဖြစ်တဲ့အတွက် စာတွေ့များပါတယ်။ ရှိတ်စပီးယားပြဇာတ်တွေလည်း သင်ရပါတယ်။ ဒုတိယလေးလမှာတော့ ကာရိုက်တာပေါင်းစုံကို လက်တွေ့ရိုက်ရပါတယ်။ ဟန်သီက ဘာသာရပ်တိုင်းကို Grade ကောင်းကောင်း ရပါတယ်။ ဟန်သီက စကားပြောရင် မသွက်တဲ့အတွက် ဆရာတွေက သွက်အောင် အဓိကထားပြီး သင်ပေးတဲ့အတွက် အခုသာလိကာလေးလို သွက်လာပြီလို့ မေမေက ပြောတယ်။ မေလ ၂၈ ရက် ကျောင်းဆင်းပွဲကိုတော့ ဖေဖေနဲ့ ဘွားဘွား လာတက်ပါတယ်။ မေလ ၃၀ ရက်ကျရင် လော့စ်အန်ဂျလိစ်ကို ဇွန် ၄ ရက်နေ့ထိ သွားလည်ပြီး ဇွန် ၁၀ ရက်နေ့ည ၁၂ နာရီ ရန်ကုန်ပြန်ရောက်ပါမယ်။

အမေရိကမှာ သင်ကြားလာတဲ့ ပညာရပ်တွေကို မြန်မာနိုင်ငံပြန် ရောက်တဲ့အခါမှာ ဘယ်လိုပြန်ပြီး အသုံးချမှာလဲ။ မြန်မာပြည်က ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေနဲ့အတူ သရုပ်ဆောင်ရမယ်ဆိုရင် ညီမလေးအတွက် အဆင်ပြေနိုင်လား။ စိန်ခေါ်မှုတွေရှိနိုင်လား။
ဟန်သီက မြန်မာနိုင်ငံရဲ့ ရုပ်ရှင်လောကထဲ မရောက်ဖူးသေးတော့ ဘာတွေကွာခြားမလဲ မသိသေးပါဘူး။ မေမေကတော့ ဟိုမှာ ဒိုင်ယာလော့ခ်တွေ အင်္ဂလိပ်လို ပြောရတော့ မြန်မာလိုပြောရင် အဆင်ပြေပါ့မလား ဆိုပြီး စိတ်ပူပါတယ်။ ဒါပေမဲ့ ဒီမှာက ဒိုင်ယာလော့ခ်ကို ဘယ်လို ကျက်မှတ်ရမလဲ၊ အသံနေအသံထား ဘယ်လိုအပြင်အဆင်၊ ဘယ်လိုတွေးရမလဲကအစ သင်ပေးထားတဲ့အတွက် ဟန်သီက စိတ်မပူပါဘူး။ ဒီမှာ ရှုတင်တွေကို ကိုယ့်အ၀တ်အစား၊ ကိုယ့်မိတ်ကပ် ဆံပင်ကအစ ကိုယ့်ဇာတ်နဲ့ လိုက်အောင် ကိုယ့်ဘာသာ စီစဉ်ရပါတယ်။ အက်တင်ယောဂကိုလည်း တစ်ပတ်နှစ်ခါသင်ရတဲ့အတွက် စိတ်တည်ငြိမ်မှုကိုလည်း ရစေပါတယ်။ ဖိုက်တင်အခန်း
သင်ရတဲ့အခါ တကယ်သင်ရတဲ့အတွက် ကိုယ်ခံပညာ ရစေပေမယ့် တစ်ခါတလေ နာကျင်မှုကိုလည်း ခံစားရပါတယ်။

နောက်ထပ်ကော ဆက်တက်မယ့် အတန်းပညာတွေ ရှိသေးလား။
ပြန်ရောက်လို့ ဟန်သီ့အတွက် အလုပ်အကိုင် အခွင့်အရေး မရှိသေးရင်တော့ ဟန်သီပြန်ပြီး ကျောင်းဆက်တက်မယ်လို့ စဉ်းစားထားပါတယ်။

မြန်မာနိုင်ငံကို ပြန်လာပြီးရင် ဆက်လက်လုပ်ဆောင်မယ့် အနုပညာအကြောင်းတွေကိုလည်း ပြောပြပေးပါ။
မြန်မာပြည်က ပရိသတ်တွေ နဲ့ မကင်းကွာအောင် ဖေ့စ်ဘွတ်ခ်ကနေ ပုံတွေတင်တဲ့အပြင် မဂ္ဂဇင်း၊ သတင်းစာ၊ ဂျာနယ်တွေရဲ့ ကျေးဇူးကြောင့် ပရိသတ်နဲ့ ဟန်သီ အဆက်အသွယ် မပြတ်သွားတာပါ။ LA က Mandalay Gazzet သတင်းစာ၊ VOA အသံလွှင့်ဌာနတွေကလည်း ဟန်သီ့သတင်းကို အလျဉ်းသင့်သလို ထည့်သွင်းပေးကြပါတယ်။ နယူးယောက်မှာနေတဲ့ ကိုဟဲလေးမိတ်ဆက်ပေးတဲ့ ဓာတ်ပုံဆရာ ကိုအောင်အောင် ကျေးဇူးကြောင့် ဟန်သီ ပုံလှလှလေးတွေကို ပရိသတ်တွေ တွေ့မြင်ရတာပါ။ ဟန်သီက ငယ်ငယ်လေးကတည်းက ဂစ်တာတီးချင်တာ။ မေမေက လက်နာမှာစိုးလို့ စန္ဒရားပဲသင် ခိုင်းခဲ့ပါတယ်။ အခု နယူးယောက်မှာတော့ ဟန်သီ့ စိတ်ကြိုက်ဂစ်တာ
လေးတစ်လုံးဝယ်ပြီး ဖေဖေက သင်ပေးနေပါတယ်။ ဟန်သီမြန်မာပြည်ပြန်ရောက်ရင် အနုပညာနဲ့ ပတ်သက်တဲ့ အလုပ်အကုန်၊ အဓိကသရုပ်ဆောင်အလုပ်ကို လုပ်ချင်ပါတယ်။

မြန်မာနိုင်ငံပြန်ရောက်ပြီးရင် Fan တွေနဲ့ တွေ့ဆုံပွဲမှာ ဘယ်လို အစီအစဉ်တွေနဲ့ ပြုလုပ်မှာပါလဲ။
ဇွန်လ ၁၈ ရက်ကိုတော့ ဟန်သီ့ကိုတွေ့ချင်တဲ့ ပရိသတ်တွေနဲ့ ဟန်သီအိမ် ၃၂၊ ခွာညိုလမ်း၊တောင်ဥက္ကလာပမှာတွေ့ဖို့ စီစဉ်ထားပါတယ်။ ဟန်သီကိုယ်တိုင် ချက်ကျွေးမယ့်အပြင် လက်ဆောင်တွေလည်း ပြင်ဆင်ထားမယ်လို့ စီစဉ်ထားပါတယ်။ အချိန်အတိအကျကိုတော့ နီးရင် ဖေ့စ်ဘွတ်ခ်က Han Thi Official Acc ကနေ ကြေညာပါ့မယ်။

မကြာခင်မှာ မြန်မာနိုင်ငံကို ပြန်လာပြီး အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်ဖြစ်တော့မယ်ဆိုတော့ ပရိသတ်တွေကို ဘာများ ပြောချင်ပါသေးလဲ။
ပရိသတ်ကြီးက အားပေးမယ်ဆိုရင်တော့ ဟန်သီက အစွမ်းကုန်ကြိုးစားမှာပါ။ ဟန်သီသင်လာတဲ့ အနုပညာကိုလည်း ပရိသတ်ကြီးကို ချပြချင်ပါတယ်။ ဟန်သီ့ကို အနုပညာလောကကနေ ကြိုဆိုကြမယ်ဆိုရင်တော့ ဟန်သီ အရမ်းပျော်မှာပါ။ ဟန်သီမြန်မာပြည်ကြီးကို ချစ်တဲ့အတွက် မြန်မာပြည်မှာပဲ နေချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။
ကျေးဇူးတင်ပါတယ်။ 

Credit : http://7daydaily.com/story/66414

No comments:

Subscribe

လာလည်သူများ

free counters