♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 3, 2016

" မော်လမြိုင် ပဲလိပ် "

 
မော်လမြိုင်ပဲလိပ်
မော်လမြိုင်မြို့ကို အလည် ရောက်ရင်တော့ သွားစားသင့်တဲ့အစားအစာတွေ စာရင်းမှာတော့ ရေစိမ်မုန့်တီ၊သင်္ကြန် ထမင်းတို့အပြင် ပဲလိပ်လည်း ပါဝင်ပါတယ်။ ပဲလိပ်ကို ဆိုင်အမျိုးမျိုးက ရောင်းကြပေမဲ့ မော်လမြိုင် မရမ်းကုန်းရပ်၊ရတနာမွန်ဆေးခန်းအနီးက ပလက်ဖောင်းလေးမှာ ညနေ ၄နာရီ၁၅ ကနေ ၅နာရီ အတွင်း ရောင်းတဲ့ပဲလိပ်ကိုတော့ အကြိုက်ဆုံးပါပဲ။ ပိုလုပ်ရင် မကုန်တတ်လို့ နေ့တိုင်း ပုံမှန်အရေအတွက် သာလုပ်လေ့ရှိပြီ စောစော သွားစောင့်စားမှသာ တသက်စွဲစေမဲ့ ပဲလိပ်ကို စားရမှာမို့ ရွှေမြိုင်ကို အလည် သွားမည့်သူများ အချိန်ရရင်သွားစားကြပါလို့ လက်တို့လိုက်ပါရစေနော်။
အချိန်မရရင်တော့ အခုလိုလေး ချက်စားကြရအောင်......
ပါဝင်ပစ္စည်းများ
....................
ပဲဟင်းရည်အတွက်
***********
၁။ ကုလားပဲ နို့ဆီဗူး တဝက် (သို့)
ထမင်းပေါင်းအိုးဆန်ချိန်ခွက် တခွက်
၂။ ကြက်သွန်နီ ၁လုံး
၃။ ဆား ထမင်းစားဇွန်း ၁/၂ဇွန်း
၎။ ဇီယာစေ့ လက်ဖက်ရည်ဇွန်း ၁ဇွန်း
၅။ ဂျင်း လက်တဆစ်ခန့်
၆။ ဆီ ထမင်းစားဇွန်း ၃ဇွန်း
၇။ ကြက်သွန်ဖြူ တဥ
၈။ အုန်းနို့ တထုပ်(65mls)
၉။ ရေ တလီတာခွဲ
၁၀။ ခရမ်းချဉ်သီး တလုံး
၁၁။ဆနွင်း လက်ဖက်ရည်ဇွန်း ၁/၄ဇွန်း
၁၂။ ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း

ပြုလုပ်ပုံ
*****
ပဲကို ၆ နာရီလောက်ကြိုတင်ရေစိမ်ပါ။ဆား အနည်းငယ်နှင့် ဆီ လက်ဖက်ရည်ဇွန်း ၁ဇွန်းထည့်၍ ရေတလီတာ ထည့်ပြီး နူးအောင်ပြုတ်ပါ။ နူးလျှင် တဝက်ကို ခွဲယူပြီး ကျန်တဝက်ကို ပဲစေ့များ ပျောက်သည်အထိ ထောင်းပါ သို့မဟုတ် blander နှင့် ကြိတ်ပေးပါ။
ဇီယာစေ့ကို လှော်ထားပါ့မယ်။
ဂျင်း ၊ကြက်သွန်ဖြူ နှင့် ဇီယာစေ့တို့ ကို ရောထောင်းပြီး ခပ်ဖယ်ထားပါ။ ကြက်သွန်နီတဥ ကိုဆီသတ်ရန်အတွက် ယူပြီး မကြေတကြေ ထောင်းပါမယ်။ ခရမ်းချဉ်သီးကို အနှစ်တိုက်ယူထားပါ။သို့မဟုတ် သေးသေးနုတ်နုတ် စိတ်ထားပေးပါ။ဆီသတ်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။
ဆီ ထမင်းစားဇွန်း (၃ ) ဇွန်းကို မီးအေးအေးဖြင့်တည်ပြီး ငရုတ်သီးခြောက်များကို ဆီပူထိုးယူပြီး ဆယ်ထားပါ။ ပဲဟင်းရည် စတင်ချက်ပါမယ်နော်။
ထောင်းထားသော ကြက်သွန်နီကို ဆီအိုးမှာထည့်ပြီး ကြော်ပါ့မယ်။ ကြက်သွန် နွမ်းစပြုတာနှင့် ဂျင်း၊ ကြက်သွန်ဖြူ ရောရာကို ထည့်မွှေပေးပါ။ဆနွင်းနှင့် အရောင်တင်မှုန့်ထည့်ပါ။ခရမ်းချဉ်သီး ထည့်ပေးပါ ။ခရမ်းချဉ်သီးနွမ်းလာလျှင် ကြိတ်ထားသောပဲကို ထည့်ပါ။ ရေတလီတာခွဲထည့်ပါ။ အုန်းနို့ဖောက်ထည့် ပြီးဆူအောင်တည်ပါ့မယ်။ ဆား ထည့်ပါ။ အရသာမှုန့် နှစ်သက်လျှင် အရသာမှုန့် ထည့်ပေးပါ။ဟင်းရည်သည် မပျစ်မကျဲ အနေအထား ဖြစ်နေရပါမယ်။

ပဲလိပ်လိပ်ရန်
********
၁။ ကုလားပဲ ပြုတ်ထားသောပဲတဝက်
၂။ ကော်ပြန့်ရွက် အရွက်၂၀ရွက်
၃။ကော်မှုန့် ထမင်းစားဇွန်း တဝက်ခန့်
၎။ရေ 20 ml
၅။ ဆီ ၁၀သား( 160 mls)
ပဲလိပ်ပြုလုပ်ပါတော့မယ်။
ကော်မှုန့်နှင့်ရေကို ရော၍ ခပ်ပြစ်ပြစ်လေး ကော်ဖျော်ပေးပါ။
ကော်ပြန့်ရွက်တခုကို ယူပါ။ပြုတ်ထားသောပဲ ထမင်းစားဇွန်း တဇွန်းဖြန့်ထည့်ပြီး ပထမ တချက် လိပ်ပါ ။ အစွန်း ၂ဖက်ကို ခေါက် ထည့်ပြီး ခပ်ဖွဖွလေး အစွန်းရောက်အောင် လိပ်ပေးပါ။ အစွန်းကို ကော်သုတ်၍ ပြန်ကပ်ပေးပါ။ အားလုံး လိပ်ပြီးသွားလျှင် အိုးတွင် ဆီများများထည့်၍ မီး အနေတော်ဖြင့် ကြော်ပေးပါ။ ကြော်နေစဉ် အကျက်ညီစေရန် အဆက်မပြတ်မွှေပေးပါ။
ရွှေအိုရောင်ပြောင်းလာလျှင် ဆယ်ယူပြီး ဆီစစ်ပေးထားပါ။

ဟင်းပွဲအတွက်လိုအပ်သည်များ
*****************
၁။ အာလူး ၂လုံး
၂။ ဘဲဥ သို့ ကြက်ဥ ၂လုံး
၃။ ကြက်သွန်နီ ၂လုံး
၎။ ငရုတ်သီးခြောက် ၁၀ တောင့်
၅။ ဆလတ်ရွတ် တပင်
၆။ ပူစီနံ တစည်း
၇။ငရုတ်သီးစိမ်း ၁၅တောင့်
၈။ သံပုရာသီး ၂လုံး
၉။ဆား ထမင်းစားဇွန်း တဝက်
အာလူးနှင့် ကြက်ဥတို့ကိုလည်းပြုတ်ပြီး အခွံခွာထားပေးပါ။ ကြက်သွန်နီဥ များကို ပါးပါးလှီး၍ ဆားအနည်းငယ် ထည့်နယ် ပြီး ရေဆေးကာ ရေစစ် ပေးထား ပါ့မယ်။ ဆလတ်ရွက်၊ငရုတ်သီးစိမ်း နှင့် ပူစီနံ ကိုလည်း ရေဆေးထားပါ။ သံပုရာသီးကို စိတ်ထားပါ။
မုန့်ပွဲပြင်ဆင်ပုံ
********
မုန့်ပွဲပြင်လျှင် ပဲလိပ် ၂လိပ်ကို ယူပါ။လက်၂ဆစ်အရွယ် ညှပ်၍ပန်းကန်ထဲထည့်ပါ။ ဘဲဥ၊အာလူး၊ငရုတ်သီးစိမ်း ၂တောင့်၊ဆလတ်ရွက်၊ ပူစီနံ၊တို့ကို ညှပ်ထည့်ပါ။ ကြက်သွန်စိမ်း အနည်းငယ် ထည့်ပါ။ ဆား ပါလေရုံဖြူး၊သံပုရာသီးတစိတ်ညှစ်ထည့်၊ ဟင်းရည်ပူပူလေး ဆမ်း၍ ငရုတ်သီးတောင့်ကြော်နှင့် တွဲဖက် သုံးဆောင် နိုင်ပါပြီ။
Tip
# ဇီယာစေ့ကို ဟင်းခပ်အမွှေးအကြိုင် ရောင်းသော ဆိုင်တွင် ရနိုင်ပါသည်။ နိုင်ငံခြားတွင် နေသော သူများ ကတော့ အိန္ဒိယ ဈေးဆိုင်လေး တွေမှာရှာဝယ်ပေးပါ။
# ပဲလိပ်ကို လိပ်သောအခါ ဘေး၂ဖက်က အစများကို လုံအောင်ခေါက်ပေးပါ၊ ပွင့်နေလျှင် ကြော်နေစဉ် ပဲစေ့များအပြင်
ို့ထွက်လာတတ်ပါသည်။ပိတ်ရန်အတွက် ကော်သည် ကော်မှုန့် သို့ ဂျုံမှုန့်နဲနဲကို ရေပြစ်ပြစ်နှင့် ဖျော်၍သုံးနိုင်ပါသည်။ pro Martများမှဝယ်သော ready made အရွက်များကတော့ အနားသားကို ရေနည်းနည်း ဆွတ်ပေးရုံဖြင့်အဆင်ပြေစွာ ပိတ်လို့ရပါသည်။
# အုန်းနို့နှင့်မတည့်သူများ အုန်းနို့မထည့်လျှင်လည်း ချက်လို့ရပါသည်။

(နို့စိမ်းဗူး ဖောက်ထည့်နိုင်ပါသည်...ရောရောသမမွှေ)

Credit : မိုးကောင်းကင်

No comments:

Subscribe

လာလည်သူများ

free counters