♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 5, 2015

" ချစ်သူစုံတွဲတွေ ရင်ခုန်သံချင်း ပိုမိုနီးကြစေဖို့ဆို တစ်ဦးခံစားချက်ကို တစ်ဦး ကိုယ်ချင်းစာပေးရန်သာလို "

 
သင်ဟာ သင့်ချစ်သူကောင်မလေးအတွက် အခြားတစ်ယောက်နဲ့ ဘယ်တော့မှ အီစီကလီ မလုပ်တတ်သူမို့ သစ္စာရှိတဲ့သူတစ်ယောက်၊ သူနဲ့ဆုံနေကျ အချိန်တွေမှာ ပုံမှန်တွေ့ဆုံတတ်သူမို့ ချစ်သူအပေါ် တာဝန်ကျေပွန်တဲ့သူ တစ်ယောက်၊ ချစ်သူကောင်မလေး လိုချင်တယ်လို့ ပြောတဲ့အရာလေးတွေကို ၀ယ်ပေးတတ်သူမို့လို့ ဖြည့်ဆည်းတတ်သူတစ်ယောက် ဆိုပြီး ငါ့လိုချစ်သူမျိုး ဒီကမ္ဘာပေါ်မှာ မရှိတော့ဘူးလို့ ထင်မြင်မိနေပါလိမ့်မယ်။ တကယ့်ချစ်သူကောင်းတစ်ယောက်ဆိုတာ အထက်ပါ အချက်တွေအပြင် ကိုယ့်ချစ်သူ ဘာဖြစ်နေတယ်ဆိုတာကို သူမ နှုတ်က ဖွင့်ဟစရာမလိုပဲ အလိုက်တသိ ဆောင်ရွက်ပေးတတ်သူမျိုးပါ။ ကိုယ့်ချစ်သူကောင်မလေး ဘာခံစားနေရသလဲ ဆိုတဲ့ အချက်ပေါ် မူတည်ပြီး သူ့စိတ်ရဲ့လိုအပ်ချက်လေးကို ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် ချစ်သူကောင်မလေးတွေဟာ သင့်ကို တွယ်တာချစ်ခင်ပြီးရင်း ချစ်ခင်မှာဆိုတာ မယုံမရှိပါနဲ့။

ယောင်္ကျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် လူတစ်ဦးစီတိုင်းမှာ ခံစားချက် တစ်မျိုးစီရှိပါတယ်။ နောက်တစ်ခုက စိတ်မလုံခြုံမှုကလည်း တစ်မျိုးစီ ပိုင်ဆိုင်တတ်ကြပါတယ်။ အဲ့ဒီ စိတ်ခံစားချက်၊ စိတ်မလုံမခြုံဖြစ်မှုတွေကို ကိုယ့်ချစ်သူကို ဖွင့်ဟကြာတာလည်း နည်းပါတယ်။ များသောအားဖြင့်တော့ ငါမပြောပဲ သူသိမလားရယ်လို့ မျှော်လင့်နေတတ်ကြတာပါ။ အမျိုးသားတွေကတော့ သူတို့မာနကြောင့် မဖွင့်ဟတာမျိုးလည်း ရှိပါတယ်။ အမျိုးသားတွေ အနေနဲ့ အရင်ရည်းစားက ကိုယ့်ကို လိမ်ညာလှည့်ဖြားပြီး ထားခဲ့လို့ ခုတစ်ယောက်ကလည်း ကိုယ့်ကို အဲ့ဒီလို လုပ်မလားဆိုတဲ့ မလုံခြုံမှုတွေ ခံစားကြရလေ့ရှိသလို သူ့လောက် မချမ်းသာလို့၊ပိုက်ဆံမရှိလို့ ကိုယ့်ကောင်မလေးက ကိုယ့်ကို အထင်သေးမလား စတဲ့ စိတ်မလုံခြုံမှုတွေ ခံစားကြရပါတယ်။

အမျိုးသမီးတွေကျတော့ အမျိုးသားတွေနဲ့ မတူညီတဲ့ ခံစားချက်တွေ ရှိနေပါတယ်။ အရင်တစ်ယောက်နဲ့ ပတ်သက်တဲ့ စိတ်ခံစားချက် မလုံခြုံမှုတွေ ရှိရင်တောင် သူတို့က ရေရှည်တော့ မခံစားတတ်ကြပါဘူး။ သူတို့ရဲ့ စိတ်ခံစားချက်ဟာ လက်ရှိ ကိုယ်တွဲနေတဲ့ သူအပေါ်မှာ ပိုမူတည်လို့ နေတတ်ပါတယ်။ သင်သူ့ကို
တကယ်ချစ်တယ်ဆိုရင် သူဘာတွေ ခံစားနေရသလဲဆိုတာ သင်သိရှိပါလိမ့်မယ်။ ဒါကိုပဲ ချစ်သူနှစ်ဦး စိတ်ချင်းဆက်တယ်လို့ ဆိုကြတာပါ။

တစ်ခါတစ်လေ အမျိုးသားတွေက ငါသူ့ကို နေ့တိုင်း အချိန်ပေးတွေ့တယ်။ အချိန်မှန် ကျောင်းကနေ အလုပ်ကနေ အိမ်ကို အကြိုအပို့ လုပ်တယ်။ ဒါဆို ငါတာဝန်ကျေပြီဆိုပြီး တွေးတတ်ပါတယ်။ အဲ့ဒီလို တွေးနေချိန် အမျိုးသမီးတွေ ဘက်မှာတော့ ငါ့ကိုပုံမှန် လာတွေ့ရုံကလွဲပြီး ငါတို့နှစ်ယောက်အတွက် သီးသန့်အချိန်လေးတစ်ခု ရရင် ပိုကောင်းမှာပဲ။ ငါနဲ့တွေ့တဲ့အချိန် ဘ၀ရှေ့ရေးအကြောင်း နှစ်ဦးသား ဘာဆိုဘာမှ မတိုင်ပင်ဖြစ်ဘူး။ ငါတို့နှစ်ယောက် တစ်ပတ်မှာ တစ်ရက်လောက်တော့ နှစ်ယောက်အတူဆုံပြီး ကိုယ့်ခံစားချက်၊ သူ့ခံစားချက်၊ ငါတို့နှစ်ယောက်ရှေ့ဆက် ဘယ်လိုလေးသွားမယ်၊ သူ့အိပ်မက်က ဘာ၊ ကိုယ့်ရည်းမှန်းချက်က ဘာဆိုတာ ပြောဆိုချင်လိုက်တာ ဆိုပြီး စိတ်ထဲခံစားနေတတ်ကြပါတယ်။ အဲ့ဒီမှာ ကွာဟမှုလေးတွေရှိလာပါပြီ။ ဒါက အခြေအနေတစ်ခုကိုသာ ပြောပြပေးတာပါ။ တစ်ဦးနဲ့တစ်ဦး တွေ့ဆုံချိန်နဲ့ ပတ်သက်တာ အချိန်ပေးတာ မပေးတာအပြင် အခြားသော ကိစ္စရေးရာတွေလည်း ရှိနေပါလိမ့်မယ်။

ဒီလိုပါပဲ။ နှစ်ယောက်အတူ ရှိတဲ့အချိန်တွေမှာ အမျိုးသားတွေက ညတိုင်း ဖုန်းပြောဖြစ်နေတာပဲ။ ဒီနေ့ဘာတွေ လုပ်တယ်ဆိုတာမျိုးလည်း ပြောတတ်တာပဲ။ ဒီလောက်ဆို ငါချစ်တာ သူသိပြီလို့ ထင်နေချိန် အမျိုးသမီးတွေ ဘက်ကတော့ ကိုယ့်ချစ်သူကတော့ သူနဲ့အတူရှိရတာမျိုးဟာ သင့်အတွက် ဘယ်လိုကံကောင်းကြောင်း စသဖြင့်ကြားချင်ပါလိမ့်မယ်။ အမျိုးသမီးတွေဟာ ကိုယ့်ချစ်သူနဲ့ အတူရှိချိန် ကိုယ့်ချစ်သူက ဖွင့်ဟလာတဲ့ ချီးမွမ်းစကား၊ ချစ်စကားတွေဟာ သူတို့အတွက် အဖိုးမဖြတ်နိုင်ပါဘူး။ အထူးသဖြင့် ဖုန်းနဲ့ပြောတာ၊ sms ပို့တာထက် မျက်နှာချင်းဆိုင် ပြောဆိုတာဟာ နှစ်ဦးစလုံးအတွက် ပိုကောင်းပါတယ်။ ဒါ့ကြောင့်လည်း ချစ်သူစုံတွဲတွေ ဘယ်လောက် အချိန်တွေနှစ်တွေကြာအောင် တွဲလာခဲ့ တွဲလာခဲ့ တစ်ယောက်နဲ့တစ်ယောက် ချစ်တဲ့အကြောင်း၊ တစ်ယောက်က တစ်ယောက်အတွက် ဘယ်လောက်ထိ လိုအပ်ကြောင်း၊ ပြည့်စုံတဲ့သူဖြစ်ကြောင်း၊ စတာတွေ ပြောပေးဖို့ လိုတယ်လို့ ဆိုထားကြတာပါပဲ။

ဒါဆို အပေါ်က ပြောထားတဲ့ အရာတွေက ချစ်သူရှိရဲ့သားနဲ့ နောက်တစ်ယောက် ဖောက်ပြန်တာလောက်တော့ မဆိုးတာမို့ အပြစ်မရှိဘူးလို့ သင်ပြောချင်နေပါလိမ့်မယ်။ ဟုတ်ပါတယ်၊ အဲ့ဒီလောက်ထိ ဆိုးရွားတဲ့ကိစ္စ မဟုတ်တာကြောင့် သင်တို့နှစ်ဦး ထပြီး ကတောက်တဆ မဖြစ်ပါဘူး။ ဒါပေမယ့် ရှေ့ဆက်ရမယ့် ချစ်သူနှစ်ဦးဟာ အနည်းဆုံး သူဘာခံစားနေရတယ်၊ ငါဘာလုပ်ပေးရမယ်ဆိုတဲ့ အသိလေးတော့ လိုပါတယ်။ ကိုယ့်ချစ်သူက မလုပ်စေချင်တဲ့ အရာဟာ သင့်အတွက် လုပ်ကိုလုပ်မှ ဖြစ်မယ်ဆိုရင် ချစ်သူကို နားလည်အောင် ရှင်းပြဖို့ လိုပါတယ်။ ကိုယ့်ကို  ဒီတစ်ခါတော့ ဒီကိစ္စလေး လုပ်ခွင့်ပြုပါ။ နောက်တစ်ခါ ကိုယ်မင်းစိတ်ကြိုက် နေထိုင်ပါ့မယ်ဆိုတာမျိုး ညှိုယူသင့်ပါတယ်။ မဟုတ်ရင် တစ်ဖက်လူရဲ့ စိတ်ထဲ ခံစားချက်လေးတွေ များလာရင် အသေးလေးကနေ တစ်ဖြည်းဖြည်း ကြီးထွားသွားပြီး ပေါက်ကွဲတဲ့ အခြေအနေတွေ ဖြစ်လာပါလိမ့်မယ်။ အဲ့ဒီလိုအခြေအနေမျိုး ရောက်သွားရင် နှစ်ဦးစလုံး နာကျင်ခံစားရတာကလွဲပြီး ဘာကောင်းကျိုးမှ မရနိုင်ပါဘူး။ အပြတ်အပြတ်နဲ့ နှာခေါင်းသွေးထွက်ဆိုသလိုမျိုးပေါ့။

ဒါ့ကြောင့် ချစ်သူတွေအနေနဲ့ကလည်း တစ်ယောက်အကျင့်ကို တစ်ယောက်က သိနားလည်ထားဖို့ လိုပါသေးတယ်။ သူ့လိုအပ်ချက်ကဘာလဲ။ သူဘာတွေခံစားနေရသလဲဆိုတာမျိုး အနည်းဆုံး သိလိုက်တာနဲ့ ပြင်ဆင်ပေးတာ၊ ဖြေရှင်းပေးတာမျိုးတွေ လုပ်သင့်ပါတယ်။ ကိုယ်ခံစားနေရတာတွေကို ဘယ်လိုပဲ မျက်နှာရိပ်မျက်နှာကဲ ပြပြ တစ်ဖက်လူက ထုံပေပေး အေးစက်စက်ပဲ လုပ်နေဦးမယ်ဆိုရင်တော့ နောက်ဆုံးအဆင့်အနေနဲ့ သူ့ကို ဖွင့်ပြောသင့် ပြောရပါမယ်။ ဒါကိုမှ သူက လက်မခံဘူး ဆိုရင်တော့ နှစ်ဦးသား ရှေ့ဆက်ဖို့ ညှိုနှိုင်းသင့် ညှိုနှိုင်းရမှာပေါ့။

ဒါ့ကြောင့် ချစ်သူစုံတွဲတိုင်းမှာ အမျိုးသား အမျိုးသမီးတွေဟာ တာဝန်အရ သဘောမျိုးထက်စာရင် ကိုယ့်ချစ်သူနဲ့ ရင်ဘတ်ချင်း ရင်ခုန်သံချင်းနီးအောင် ကြိုးစားဖို့လိုပါတယ်။ တစ်ဖက်လူခံစားနေရတာတွေကို ငါဆိုရင်ရောဆိုတဲ့ စိတ်လေး ထည့်ပြီး ကိုယ်ချင်းစာနာပေးဖို့ လိုပါတယ်။ တစ်ဖက်လူရဲ့ အားနည်းချက်၊ တစ်ဖက်လူက ဘယ်လိုစိတ်မလုံခြုံမှုခံစားနေရတယ်၊ သူဟာ ဘယ်အရာကို sensitive ဖြစ်တယ်ဆိုတာမျိုး သိနေရင် သင့်အနေနဲ့ အမြန်ဆုံး ဒီအခြေအနေကို ပြင်ဆင်ပေးရင်း အချစ်ရေး ပြန်လည်နုပျိုလန်းဆန်းလာအောင် လုပ်ဆောင်သင့်ပါတယ်။

(မေသော် on 2015-09-03 17:09)


Credit: http://www.trend.com.mm/2015/09/03/relationships-7576

No comments:

Subscribe

လာလည်သူများ

free counters